သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, September 7, 2010

စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဆိုတာ ပရမတ္တတရား ဟုတ်ရဲ့လား

စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဆိုတာ ပရမတ္တတရား ဟုတ်ရဲ့လား

ဒကာ။ ။ “စိတ် စေတသိက် ရုပ် နိဗ္ဗာန် လေးတန် ပရမတ်” ဟု လယ်တီဆရာတော်ဘုရားကြီးများ ပရမတ္တတရားလေးပါးကို သင်ကြားပေးကြပါတယ်။
ဒါပေမဲ့ စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဆိုတာ ပရမတ္တတရား မဟုတ်ဘူး၊ ပညတ်သာဖြစ်တယ်လို့ ဆရာအချို့က ဆိုကြပါတယ်၊ ဘယ်ဟာကို အမှန်ယူရမှာလဲ ဆရာတော်။
ဆရာ။ ။ အင်း…နှစ်မျိုးစလုံး မှန်တာချည်းပဲလို့ မှတ်ယူရမည်။
ဒကာ။ ။ အမှန်ယူပုံကို အနည်းငယ် ရှင်းပြပေးပါဦး ဆရာတော်၊ ဘယ်လိုမှန်တာလဲ ဘုရား။

ဆရာ။ ။ ပရမတ်ဆိုတာက (၁) အပြောပရမတ်၊ (၂) သဘောပရမတ်၊ နှစ်မျိုးရှိတယ်။

စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဆိုတာက အမည်နာမ အပြောပရမတ်ဖြစ်တယ်၊ အဲဒီ ပရမတ် အမည်ကို ဖော်ထုတ်မပြောဘဲနဲ့တော့ ဘယ်တော့မှ မဖြစ်နိုင်ဘူးပဲ၊ ဒါကြောင့် ပရမတ်တရားရဲ့ အမည်နာမကလေးတွေကို သတ္တဝါများနားလည်အောင် ထုတ်ဖော်ဟောပြောရလို့ အပြောပရမတ်လို့ ဆိုရင်လည်း မှန်တာပဲ။

ဟာ…စိတ် စေတသိက် ရုပ် နိဗ္ဗာန်….ဆိုတာ အမည်နာမ ပညတ်သာဖြစ်တယ်၊ ပရမတ်မဟုတ်ပါဘူးလို့ ဆိုရင်လည်း မှန်တာပဲ၊ အမည်ပညတ်တွေပဲကိုး။

ပရမတ် အစစ်ဆိုတာက သူ့ရဲ့ပြီးစီးမှုသဘောတရား ကိရိယာကလေး သက်သက်မျှကိုသာ ယူရတာဖြစ်တယ်။

ဒကာ။ ။ ပေါ်လွင်အောင် ရှင်းပြပါဦး ဆရာတော်၊ ဒကာကြီးနားလည်အောင် တိုတိုကျဉ်းကျဉ်းနဲ့ပေါ့ ဘုရား။

ဆရာ။ ။ စိတ်ပရမတ် ဆိုတာက အာရုံကိုသိခြင်း၊ ညွတ်ခြင်း သဘောကလေး သက်သက်မျှကိုသာ ဆိုတာ၊ စိတ်ဟာ ပညတ် အမည်မျှသာပဲ။

စေတသိက်တွေထဲကလည်း ဝေဒနာဟာ ပညတ်အမည်ပဲ၊ ပရမတ်အစစ်က ခံစားခြင်းသဘော ကိရိယာကလေးမျှသာ ဖြစ်တယ်။

သညာဟာလည်း ပညတ်အမည်သာပဲ၊ ပရမတ်အစစ်ကတော့ မှတ်သားခြင်းသဘော ကိရိယာကလေးကို ဆိုတာ ဖြစ်တယ်။

စေတနာစေတသိက် ဆိုတာလည်း နာမပညတ်ပဲ၊ ပရမတ်အစစ်ကတော့ အလုပ်ဖြစ်မှု စေ့ဆော်ခြင်းသဘော ကလေးမျှသာ ဖြစ်တယ်။

ရုပ်ဆိုတာလည်း နာမပညတ်မျှသာပဲ၊ ပရမတ်အစစ်က ဖေါက်ပြန်ပြောင်းလဲမှု သဘော ကလေးမျှ သက်သက်ပဲ။

နိဗ္ဗာန်ဆိုတာလည်း အမည်ပညတ်ပဲ၊ ပရမတ်အစစ်ကတော့ နိစ္စ သုခ အမြဲငြိမ်းအေးချမ်းသာမှု သဘော ကိုဆိုတာပဲ၊ ကဲ….ကျေနပ်ရဲ့လား၊ ပရမတ်ဆိုတာ အမည်နာမ အထည်ဒြပ် မရှိဘူး၊ သဘောကလေးသက်သက်ကို ယူရတယ်။

ဒကာ။ ။ မှန်ပါ့၊ သဘောပေါက် ကျေနပ်ပါပြီ ဆရာတော်။

No comments: