သုဘရာဇာလား အသုဘရာဇာလား
ဒကာ။ ။ သုသာန် သင်္ချိုင်းက စောင့်ပြီးတော့ ရောက်လာတဲ့ သူသေကောင်တွေကို မြေတူးမြှုပ်နှံမီးသင်္ဂြိုဟ်ပြုလုပ်နေကြတဲ့သူတွေကို သုဘရာဇာလို့ ဘာလို့ခေါ်ဆိုတာလဲ ဆရာတော်။
သူတို့အလုပ်က အသုဘအလုပ်တွေကို မြေတူးမြှုပ်နှံ မီးရှို့ခြင်း ပြုလုပ်နေရတဲ့ဟာပဲ၊ သုဘမှမဟုတ်တာ ဖြေကြားပါဦးဘုရား။
ဆရာ။ ။ ဟုတ်တယ်၊ ဒကာကြီးတို့ရဲ့ အမှတ်သညာကတော့ မတင့်တယ်တဲ့ အပုပ်ကောင် သူသေကောင် အသုဘလို့ အမှန်မှတ်တာပဲ၊ အစွဲဒိဋ္ဌိကလည်း အသုဘအပုပ်ကောင်လို့ အမှန်စွဲယူတာပဲ၊ ဒါ့ကြောင့်မို့ ဒီအကောင်ပုပ်ကို သုသာန်ထုတ်ကာ စွန့်ပစ်ကြတာပေါ့။
သူတို့ကတော့ သည်သူသေကောင်တွေ များများလာမှ လုပ်ခငွေတွေ များများရမှာမို့ အဲဒီ အသေကောင် အပုပ်ကောင်တွေကို သုဘ တင့်တယ်တယ်လို့ သညာဝိပ္ပလ္လာသနဲ့ မှတ်တယ်၊ သုဘ တင့်တယ်တယ်လို့ ဒိဋ္ဌိဝိပ္ပလ္လာသနဲ့ စွဲယူထားတယ်၊ သုဘ တင့်တယ်တယ်လို့ စိတ္တဝိပ္ပလ္လာသနဲ့ သိနေတယ်၊ အဲဒီ ဝိပ္ပလ္လာသသုံးပါးနဲ့ သူတို့က သုဘလို့ မှတ်ယူ စွဲသိနေကြတာ။
ရာဇာဆိုတာက (ရဉ္ဇတိ = နှစ်သက်တတ်၏၊ ဣတိ = ထို့ကြောင့်၊ ရာဇာ = ရာဇာမည်၏တဲ့) အဲဒီ အသုဘကောင်တွေ များများလာလေ နှစ်သက်လေပဲ၊ အဲဒါ့ကြောင့် ပါဠိလို သူတို့ကို သုဘရာဇာလို့ ခေါ်တာဖြစ်တယ်။ သောတာပန်မ လင်ယူသားမွေး ဈေးရောင်းသလိုပေါ့၊ ဝိပ္ပလ္လာသ သဘောတွေနဲ့ ခေါ်ဆိုတာ ဖြစ်တယ်။
တော်တော် ကြံကြံဖန်ဖန် မေးတဲ့ ဒကာကြီးတွေပဲ။ ကဲ…ကျေနပ်ရဲ့လား။
ဒကာ။ ။ ဆရာတော်က မြန်မာအဘိဓာန်ကျမ်းပြုတဲ့ ဆရာတော်မို့ သုဘရာဇာဆိုတဲ့ အဘိဓာန်ပုဒ်ရဲ့ အနက်သဘောကို မေးရတာပါဘုရား၊ ကျေနပ်လှပါတယ် ဆရာတော်။
No comments:
Post a Comment