သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Saturday, September 25, 2010

ဝိပဿနာရှုရာ၌ ဃန ခံတယ်ဆိုတာ ဘယ်လိုဟာလဲ/ ဝိပဿနာ၌ ဃန ဘယ်နှစ်မျိုးခံရှိနေပါသလဲ


ဝိပဿနာရှုရာ၌ ဃန ခံတယ်ဆိုတာ ဘယ်လိုဟာလဲ

ဒကာ။           ။ ဝိပဿနာတရား ရှုပွားရာ၌ ဃနကို ကျေအောင် ရှုမှတ်ရမည်၊ ဃန မခံစေနဲ့ဟု ဟောပြောကြရာ ဃနဆိုတဲ့သဘောကို သိပါရစေဆရာတော်။
ဆရာ။           ။ ဃနဆိုတာ အစိုင်အခဲ အတုံးအတစ် ခိုင်မြဲသော အမာခံ သဘောတရားပဲ၊ ဝိပဿနာက ရုပ်နာမ်တို့၏ မခိုင်မြဲမှု အနိစ္စလက္ခဏာကို ရှုမှတ်ပွားများခြင်း သဘောပဲ၊ ဒီ မခိုင်မြဲတဲ့ရုပ်နာမ်တွေကို မပြိုမကွဲ ခိုင်မြဲတယ်လို့ ထင်မှတ်စွဲယူနေတဲ့ ဒိဋ္ဌိစွဲဟာ ဃနပဲ၊ အဲဒီ ဃန ခံနေရင် ဝိပဿနာဉာဏ် မဖြစ်နိုင်တော့ဘူး၊ ဒါ့ကြောင့် ဃနကျေအောင် ရှုမှတ်ပွားများတတ်ဖို့ လိုတယ်၊ ဃနဆိုတာ ဒိဋ္ဌိသဘောပဲ။

ဝိပဿနာ၌ ဃန ဘယ်နှစ်မျိုးခံရှိနေပါသလဲ

ဒကာ။           ။ ဃနတွေက အများကြီးပဲလို့ ဟောပြောနေကြပါတယ်၊ ဝိပဿနာ၌ ဃန က ဘယ်နှစ်မျိုးရှိလို့ ဘယ်လိုရှုမှတ်ပွားများရမှာလည်း ဆရာတော်၊ ဃနကျေအောင် ရှုပွားပုံနည်းကို နည်းနည်းလောက် ရှင်းပြပေးပါ ဘုရား။
ဆရာ။           ။ (၁) သန္တတိ ဃန = ပရမတ္ထ ဓမ္မဖြစ်တဲ့ အနိစ္စနဲ့ အနတ္တ သဘောမျှရှိတဲ့ ရုပ်နာမ်တို့၏ ဖြစ်ပျက်မှုအစဉ်က အလွန်အမင်း လျင်မြန်လွန်း၍ အကြားမရှိ အခြားမထင်တော့ဘဲ တပေါင်းတည်း တတွဲတည်း တခဲတည်း ဒီရုပ်ဟာ ဒီရုပ်ပဲ၊ သည်နာမ်ဟာလည်း သည်နာမ်ပဲလို့ ထင်မှတ်စွဲယူကာ ငါ ငါ့ဥစ္စာ ငါ့ဟာပဲ၊ ခိုင်တယ် မြဲတယ်လို့ ထင်နေတာဟာ သန္တတိ ဃန ခံနေတာပဲ။
          (၂)     သမူဟ ဃန = ဖဿ၊ ဝေဒနာ၊ သညာ စတဲ့ နာမ်တရားစု၊ ပထ၀ီ အာပေါ စတဲ့ ရုပ်တရားစုတို့ အပေါ်၌ တပေါင်း တစု တလုံး တခဲတည်းဟု ထင်မှတ်ရအောင် စုတွဲ၍နေတာကို မကွဲမပြား တသားတည်း စွဲယူထင်မှတ်ကာ အနတ္တ မထင် တာဟာ သမူဟဃန ခံနေတာပဲ။
          (၃)     ကိစ္စ ဃန = နာမ်ရုပ်တရားတွေဟာ သူ့ကိစ္စနဲ့သူ ဖြစ်ပျက်နေကြတာပဲ၊ စက္ခုရုပ်က ကြည့်မှုကိစ္စ၊ အဆင်းရုပ်က ထင်မှုကိစ္စ၊ စက္ခုဝိညာဉ်စိတ်က မြင်သိမှု ကိစ္စ၊ အဲဒါတွေကို ခွဲခြားမသိဘဲ စုပေါင်းကာ ငါမြင်တယ်လို့ တလုံး တခဲတည်း စွဲယူလိုက်တာဟာ ကိစ္စဃန ခံနေတာပဲ၊ အနတ္တကို မမြင်တော့ဘူး။
          (၄)     အာရမ္မဏ ဃန = ရူပါရုံကို မြင်သောအခါ (ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော၊ ၀ဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ) အဋ္ဌကလာပ်၌ ပါဝင်သော ရုပ်တို့ကို ခွဲခြားမသိဘဲ တစုတပေါင်းတည်း တလုံးတစည်းတခဲတည်း စွဲယူထားခြင်းကို အာရမ္မဏ ဃန ခံနေတယ်လို့ ဆိုတယ်၊ အဲဒါတွေဟာ အနတ္တလက္ခဏာကို ဃန ဖုံးတာပဲ။
          အထူးသဖြင့် ပရမတ်တရားတို့၏ သူ့သဘောနဲ့သူ ဖြစ်ပျက်နေတဲ့ သဘာဝဓမ္မအစစ်ကို ခွဲခြားမသိနိုင်အောင် တလုံး တစု တခု တခဲတည်း ထင်မှတ်ရအောင် လျင်မြန်စွာ ဖြစ်ပွားနေခြင်းကို သန္တတိဃန၊ သမူဟဃန၊ ကိစ္စဃန၊ အာရမ္မဏဃန ဟု ခေါ်ဆိုတာပဲ၊ ခွဲခြားပြီး သိဖို့က လူပြိန်းတို့အတွက် ခက်တယ်၊ ပရမတ္ထအသိနဲ့ ဉာဏ်အမြင်ရောက်အောင် နာယူသင်ကြားကြပါနော်….ဒါပဲ၊ ပညာရှိ ဆရာကောင်းလိုတယ်။
ဒကာ။           ။ မှန်ပါ့၊ ဒါလောက်သိရတာပဲ ကျေးဇူးများလှပါပြီ ဆရာတော်၊ ပရမတ္ထဓမ္မအနတ္တလက္ခဏာဆိုက်အောင် ကြိုးစားသင်ကြားပါမည် ဘုရား။ အလွန် ခက်ခဲ နက်နဲတဲ့ တရားဓမ္မတွေမို့ အာစရိယနဲ့ မကင်းကောင်းကြောင်း သိကြပါတယ် ဘုရား။

No comments: