သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, September 7, 2010

ဈာန်ရတိုင်း ဈာန်ပျံနိုင်သလား။ ကမ္မဋ္ဌာန်းတရားတိုင်း ဈာန်ရနိုင်သလား

ဈာန်ရတိုင်း ဈာန်ပျံနိုင်သလား

ဒကာ။ ။ ဈာန်ပျံတယ် ဈာန်ပျံတယ်ဆိုတာ ဈာန်ရရင် ဈာန်ပျံနိုင်တာပဲ မဟုတ်လား ဆရာတော်၊ တချို့က ဈာန်ရတိုင်း ဈာန်မပျံနိုင်ဘူး ပြောကြလို့ပါ။

ဆရာ။ ။ အင်း…ဈာန်က ပျံနိုင်တာမှ မဟုတ်ဘဲဟာ၊ အဘိညာဉ်တန်ခိုးနဲ့ ပျံတာ၊ ဈာန်ရတော့ ဈာန်ပဲရှိမှာပေါ့၊ မပျံနိုင်ပါဘူး။
ဒကာ။ ။ ဒကာကြီးတို့ နားလည်အောင် ရှင်းပြပါဦး ဆရာတော်၊ ဒီအဖြေစကားဟာ ဒကာကြီးတို့ နားထဲမ၀င်ဘူး။

ဆရာ။ ။ ဈာန်ဆိုတဲ့ သမာဓိအလုပ်က ပထမ ဈာန်ကစပြီး ပဉ္စမဈာန်အထိ ငါးမျိုးရှိတယ်၊ အဲဒီငါးမျိုးထဲမှာ ပဉ္စမဈာန်ဟာ တန်ခိုးအကြီးဆုံးပဲ၊ တန်ခိုးကို အထောက်အပံ့ပေး စီရင်နိုင်တဲ့ ပဉ္စမဈာန်မျိုးကို ရထားရင် လောကကြီးထဲမှာ ကိုယ်ထင်ရာ ဖြစ်စတမ်းပဲ။

ဒကာ။ ။ ကိုယ်ထင်ရာဖြစ်စတမ်းဆိုတာလေးကို ရှင်းပြပါဦး ဘုရား၊ ရှုပ်သထက်ရှုပ်ကုန်ပြီ။

ဆရာ။ ။ မိမိပွားများတဲ့ ကမ္မဋ္ဌာန်းတရား အာရုံထဲမှာ သမာဓိအားက အထွတ်အထိပ်ရောက်ကာ တန်ခိုးအမျိုးမျိုးတွေ စီရင်နိုင်တဲ့ ဣဒ္ဓိဝိဓ အဘိညာဉ်ကိစ္စတပ်တဲ့ ပဉ္စမဈာန်မျိုး ရရှိထားသော ယောဂီဟာ အဲဒီ ပဉ္စမဈာန်နဲ့ ယှဉ်ပြီးတော့ဖြစ်တဲ့ အဘိညာဉ်ဣဒ္ဓိတန်ခိုးနဲ့ လိုရာအရပ်ကိုသွားနိုင်တယ်၊ လိုရာအသံကို ကြားနိုင်တယ်၊ သူတပါးစိတ်အစဉ်ကို သိနိုင်ခြင်း၊ ရှေးဘဝက ဖြစ်ပျက်ခဲ့တာတွေ သိနိုင်ခြင်း ဆိုတဲ့ လောကီအဘိညာဉ် ငါးပါးကို ဆိုတာပဲ၊ အဲဒီ အဘိညာဉ်တန်ခိုးတွေကို လူတွေက ဈာန်ပျံတယ် စသည်ဖြင့် အမှားမှားတွေ ပြောနေကြတာဖြစ်တယ်၊ ကဲ…ရှင်းပြီလား။

ဒကာ။ ။ ရှင်းပါပြီ ဆရာတော်၊ အမှန်က ဈာန်နဲ့စပ်တဲ့ အဘိညာဉ်တန်ခိုးတွေကိုး၊ ခုမှပဲ ကွဲပြားတော့တယ်။

ကမ္မဋ္ဌာန်းတရားတိုင်း ဈာန်ရနိုင်သလား

ဒကာ။ ။ ကမ္မဋ္ဌာန်းအားထုတ်ကြိုးစားရင် ဈာန်ရတာပဲ မဟုတ်လား၊ တချို့က ကမ္မဋ္ဌာန်းတိုင်း ဈာန်ရတာ မဟုတ်ဘူးလို့ ပြောနေကြလို့ပါ၊ ရှင်းပြပါဦးဆရာတော်။

ဆရာ။ ။ အင်း…ဟုတ်သားပဲ၊ ဈာန်မရနိုင်တဲ့ ကမ္မဋ္ဌာန်းတရားဆိုတာ ရှိတယ်လေ။

ဒကာ။ ။ ရှင်းပြပေးပါဦးဆရာတော်၊ တိုတိုနဲ့ နားလည်အောင်ပါဘုရား။

ဆရာ။ ။ အင်း…ကမ္မဋ္ဌာန်းလေးဆယ်ထဲမှာ (၁) ဗုဒ္ဓါနုဿတိ။ (၂) ဓမ္မာနုဿတိ။ (၃) သံဃာနုဿတိ။ (၄) သီလာနုဿတိ။ (၅) စာဂါနုဿတိ။ (၆) ဒေဝတာနုဿတိ။ (၇) ဥပသမာနုဿတိ။ (၈) မရဏာနုဿတိ။ (၉) အာဟာရေပဋိကူလသညာ။ (၁၀) စတုဓာတုဝဝတ္ထာန်၊ အဲဒီ ကမ္မဋ္ဌာန်းဆယ်ပါးကို အားထုတ်ပွားများတဲ့ ယောဂီဟာ ဈာန်မရနိုင်ဘူးတဲ့၊ မဂ်ဖိုလ်တော့ နီးစပ်တယ်။

ဈာန်ရနိုင်တဲ့ ကမ္မဋ္ဌာန်းကတော့ ကသိုဏ်းဆယ်ပါး၊ အသုဘဆယ်ပါး၊ ကာယဂတာသတိ တပါး၊ အာနာပါနနုဿတိ တပါး၊ ဗြဟ္မဝိဟာရ လေးပါး၊ အာရုပ္ပ လေးပါး၊ အဲဒီ ကမ္မဋ္ဌာန်းသုံးဆယ်ကတော့ ဈာန်ကိုရနိုင်တယ်တဲ့၊ လွယ်လွယ်နဲ့သိချင်ရင် သင်္ဂြိုဟ်ကျမ်းမှာကြည့်။

ဒကာ။ ။ မှန်ပါ့၊ ဒီလို လွယ်လွယ်နဲ့ ခွဲခြမ်း သိရလို့ ဝမ်းသာလှပါတယ် ဆရာတော်။

No comments: