သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, July 11, 2010

ပရမတ္ထတရားများဟာ ထင်ရှားရှိနေပါလျက် ဘာကြောင့် သုညဟု တွက်ယူခေါ်ဆိုပါသနည်း

ပရမတ္ထတရားများဟာ ထင်ရှားရှိနေပါလျက် ဘာကြောင့် သုညဟု တွက်ယူခေါ်ဆိုပါသနည်း
ဒကာ။ ။ ပရမတ္ထတရားများဟာ မဖောက်မပြန် မှန်ကန်စွာ ထင်ထင်ရှားရှားရှိနေသော ပရမတ္ထသစ္စာများသာ ဖြစ်ပါလျက် ဘာကြောင့် သုည သုည ပြောဟောကာ သုညတရားထဲ ထည့်သွင်းကြပါသလဲ ဆရာတော်။

ဆရာ။ ။ အင်း….ပရမတ္ထတရားများဆိုတာက ဘယ်နှစ်ပါးရှိသလဲ၊ ဘယ်ဟာတွေလဲ၊ ဘာကြောင့် ပရမတ်လို့ ခေါ်တာလဲ သိရင်ဖြေပါ။
ဒကာ။ ။ ပရမတ္ထတရားက လေးပါးရှိပါတယ်၊ (၁) စိတ်၊ (၂) စေတသိက်၊ (၃) ရုပ်၊ (၄) နိဗ္ဗာန်ပါ ဆရာတော်။
သူတို့ဟာ သဘာဝအားဖြင့် မဖောက်မပြန် မှန်ကန်စွာ ရှိနေကြတယ်၊ ဒါကြောင့် ပရမတ် ခေါ်တယ်လို့ သိရပါတယ် ဆရာတော်။
ဆရာ။ ။ ပရမတ္ထတရား ၄-ပါး၊ သို့မဟုတ် ပရမတ္ထသစ္စာ ဆိုတာ ပုံပန်းသဏ္ဍာန်အားဖြင့်လည်းကောင်း၊ အမာခံ အစိုင်အခဲ အစုအပုံအားဖြင့် လည်းကောင်း ကိုင်ဆွဲ၍ မပြနိုင်တဲ့ အရှိသဘောမျှသာ ဖြစ်သောကြောင့် လည်းကောင်း၊ “သုည”လို့ ခေါ်ဝေါ် ဟောကြားကြတယ် ဒကာကြီးတို့၊ အဲဒါပဲ၊ ကဲ…..ရှင်းရဲ့လား။
ဒကာ။ ။ ဆရာတော်ရဲ့ ရှင်းပြချက်အဖြေကို သဘောမပေါက် မရှင်းလင်းဘူး ဆရာတော်၊ ထင်ရှားနေတဲ့ တရားကို ဘာ့ကြောင့် “သုည” ခေါ်သလဲ ဒကာကြီးတို့ နားလည်သဘောပေါက်အောင် ရှင်းပြပါဦး ဘုရား၊ သုညဆိုတာက ဘာမျှမရှိတဲ့ ဥစ္စာပဲဟာ။
ဆရာ။ ။ ဒကာကြီးတို့ ဂဏန်းသင်္ချာတွက်တဲ့အခါ တကမ္ဘာလုံးက ခေါ်ဝေါ်နေကြတဲ့ သုညဟာ အရေအတွက်သင်္ချာမှ ကင်းဆိတ်ကာနေသော်လည်း မိမိသဘောအားဖြင့်တော့ သုညအနေနဲ့ ထင်ရှားတည်ရှိ မနေဘူးလား၊ ဒကာကြီးတို့ ဖြေပါ။
ဒကာ။ ။ ကမ္ဘာသားအားလုံးတို့ ခေါ်ဝေါ်နေတဲ့ သုညဟာ ၁-၂-၃-၄ အရေအတွက် အားဖြင့် မရပေမဲ့ အရှိသဘော အားဖြင့်တော့ တစုံတခုသော ဂဏန်းနောက်က သူဝင်လာရင် တိကျတဲ့ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း အဖြစ်နဲ့ ထင်ရှားရှိနေတာပဲ ဆရာတော်။
ဆရာ။ ။ ကဲ….နားထောင်မှတ်သားပေတော့၊ ဒကာကြီးတို့ သဘောပေါက်ရှင်းလင်းအောင် ဖြေကြားပေးလိုက်မည်၊ ဂဏန်းတွက်ရာမှာ တကမ္ဘာလုံးက အသုံးပြုနေကြတဲ့ သုညဟာ အရေအတွက်အားဖြင့် ကင်းဆိတ်နေပေမဲ့ သုညအနေအားဖြင့်တော့ ထင်ရှားတည်ရှိနေသလို ပရမတ္ထတရားလေးပါးခေါ်တဲ့ ပရမတ္ထသစ္စာများဟာလည်း မိမိတို့ သဘောလက္ခဏာအားဖြင့် ထင်ထင်ရှားရှားကြီး ရှိနေကြသော်လည်း လက်ညှိုးထိုးပြစရာ ပုံပန်းသဏ္ဍာန်ဟူသော ပညတ်မှ ကင်းဆိတ်ခြင်း၊ ကိုင်ဆွဲပြစရာ အမာခံ အစိုင်အခဲ ဃနမှ ကင်းဆိတ်ခြင်း စတဲ့ ထိုထို ပညတ်တရားအပေါင်းတို့မှ ကင်းဆိတ်ကာ ဘာမှ ဆွဲကိုင်ပြစရာ မရှိလို့ သုညလို့ ခေါ်ပေမဲ့ ခုနပြောခဲ့တဲ့အတိုင်း သူတို့ရဲ့ သဘာဝလက္ခဏာတွေကတော့ ပရမတ်အားဖြင့် ဖြစ်ပျက်တွေ အမြဲရှိနေလို့ အရှိသဘောဖြစ်တဲ့ “သုည” လို့ မှတ်ယူပြောဟောနေကြတာဖြစ်တယ်၊ ကဲ…သဘောပေါက် ရှင်းလင်းသွားပြီလား၊ ဒါမှ မသိ မရှင်းသေးရင်လည်း သူ့ထက် အ တဲ့ ဖျင်းတဲ့သူ မရှိတော့ဘူးပဲ။
ဒကာ။ ။ မှန်ပါ့၊ ပညတ်မှ ကင်းဆိတ်သော သုည၏ ဖြစ်ပျက် အရှိသဘောကို သိရပါပြီ ဆရာတော်၊ တပည့်တော်တို့က အရိပ်ပြတာနဲ့ အကောင်ထင်တဲ့ လူပါး လူနပ်တွေပါ ဘုရား။

No comments: