သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, July 4, 2010

ဝုဋ္ဌာနဂါမိနီ ဉာဏ်ပညာဆိုတာ ဘယ်လို ဉာဏ်ပညာမျိုးလဲ

ဝုဋ္ဌာနဂါမိနီ ဉာဏ်ပညာဆိုတာ ဘယ်လို ဉာဏ်ပညာမျိုးလဲ
ဒကာ။ ။ ၀ုဋ္ဌာနဂါမိနီ ဉာဏ်၊ ၀ုဋ္ဌာနဂါမိနီ ပညာဆိုတာ ဘယ်အခါမျိုးမှာ ဖြစ်ပေါ်လျက် ဘယ်နေရာဌာနမျိုးမှာ အသုံးပြုခေါ်ဝေါ်တာပါလဲ ဆရာတော်၊ ယင်း အဘိဓာန်ပုဒ်ရဲ့ အနက်အဓိပ္ပာယ်ကိုလည်း သိပါရစေ ဘုရား။

ဆရာ။ ။ ရှာရှာဖွေဖွေ ဘယ်မှာ တွေ့ဖူးကြားဖူးလို့ ဒီ ၀ုဋ္ဌာနဂါမိနီ ကို မေးရတာလဲ၊ တော်တော် အမေးအမြန်းထူတဲ့ ဒကာကြီးပဲ၊ ဒီဉာဏ်က အသိရ ခက်တယ်၊ တော်တော်လည်း သိမ်မွေ့ နက်နဲတယ်။

ကိုင်း….နားထောင်မှတ်သားပေတော့၊ ၀ုဋ္ဌာနဂါမိနီ- ဆိုတာ “ထမြောက်အောင်မြင်ခြင်း အနက်သဘောကိုဆိုတယ်” ဥပမာ- လူ့ဘ၀က ထပြီး ရဟန်းဘ၀သို့ ရရောက် ထမြောက်သွားခြင်းမျိုးလို၊ ရုပ်နာမ်တို့ ဖြစ်ပျက်မှု ဥဒယဗ္ဗယ ဉာဏ်ကနေပြီး ဉာဏ်စဉ်တွေ တက်တက်သွားကာ သင်္ခါရုပေက္ခာဉာဏ်က အနုလောမဉာဏ် မဂ်ဆိုက်ဖိုလ်ဝင်အရောက် ထမြောက်သွားတာမျိုးကိုပင် မှတ်ယူရမည်၊ သဘောကျရဲ့လား၊ ခက်တယ်နော် ဒကာကြီးတို့။

ဒကာ။ ။ ဒါလောက်နဲ့ဒကာကြီးတို့ သဘောမပေါက်သေးပါဘူး ဆရာတော်၊ အနည်းငယ် ရှင်းပြပါဦး ဘုရား။

ဆရာ။ ။ ဒီနေရာမှာ ၀ိပဿနာ ဉာဏ်စဉ်သဘောနဲ့ပြောပြရရင် ၀ိပဿနာတရား ပွားများရှုမှတ်နေတဲ့ယောဂီဟာ ရုပ်နာမ်ဓမ္မတို့ရဲ့ အနိစ္စလက္ခဏာ ဖြစ်ပျက်၊ ဖြစ်ပျက်၊ ဖြစ်ပျက်မှုသဘောတွေကိုသာ သိမြင်တဲ့ ဥဒယဗ္ဗယဉာဏ်ကနေပြီး ဉာဏ်စဉ်တွေတက်တက်သွားကာ နောက်ဆုံးမှာ ရုပ်နာမ်တို့ဖြစ်ပျက်မှု သင်္ခါရအာရုံတွေကို အထူးအားထုတ်ကြောင့်ကြ မစိုက်ရတော့ဘဲ အလိုက်သင့် သက်တောင့် သက်သာစွာ ၀ီရိယနဲ့ သမာဓိ ပညာတို့ အညီအမျှ ရှုမှတ် သိမြင်နေတဲ့ သင်္ခါရုပေက္ခာ ဉာဏ်ပိုင်းကိုရောက်လာတယ်။

အဲဒီ သင်္ခါရုပေက္ခာဉာဏ်က အရှိန်ရပြီး အထူးတလည် ရင့်ကျက်ပြည့်စုံလာတဲ့အခါ မှတ်ဉာဏ်တွေက ပြောမပြနိုင်လောက်အောင် သွက်လက်လျင်မြန်လာတယ်၊ ရုပ်နာမ်ဓမ္မတို့ လျင်လျင်မြန်မြန် ဖြစ်ပျက်သွားနေတာကို ယောဂီရဲ့ မှတ်ဉာဏ်သိမှု ကလည်း လျင်မြန်သွက်လက်စွာနဲ့ လစ်လပ်ကြွင်းကျန်မှု မရှိဘဲ သိမှတ်နေနိုင်တော့တယ်။

ယင်းရဲ့ရှေ့မှာ မဂ်ဉာဏ်ကိုရောက်အောင် တက်စရာပေါင်းကူးလှေကားကြီးကလည်း တထစ်ပဲ ကျန်တော့တယ်၊ အဲဒီ လှေကားထစ်က အနုလောမဉာဏ်ပဲ၊ အဲဒီ အနုလောမဉာဏ်က နေပြီး မဂ်ဉာဏ်ရောက်အောင် အရှိန်အဟုန် ပြင်းထန်သွက်လက် လျင်မြန်စွာနဲ့ မှတ်ရှုသိမြင် တွန်းတင်ပေးနေတဲ့ အသိဉာဏ်အထူးကို“၀ုဋ္ဌာနဂါမိနီ” ခေါ်တဲ့ ၀ိပဿနာဉာဏ်တမျိုးပဲလို့ မှတ်ပေတော့။

ဒကာ။ ။ ဒီလိုဆို ၀ုဋ္ဌာနဂါမိနီဉာဏ်ဆိုတာ သင်္ခါရုပေက္ခာဉာဏ်ပဲလား ဆရာတော်။

ဆရာ။ ။ အင်း….သင်္ခါရုပေက္ခာဉာဏ်သက်သက်တော့လည်း မဟုတ်သေးဘူး၊ သင်္ခါရုပေက္ခာဉာဏ် အစွန်အဖျားကလေးနဲ့၊ အနုလောမဉာဏ်စွမ်းအင် နှစ်ပါးထဲမှာ ပါဝင်တဲ့ ရုပ်နာမ်တို့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုအံ့ဆဲဆဲကလေးမှာ ရှိနေတဲ့ ဉာဏ်တမျိုးကို “၀ုဋ္ဌာနဂါမိနီ” ခေါ်တယ်လို့မှတ်ပေါ့။ ဒီနေရာမှာ ၀ီထိစိတ်နဲ့ပြောပြရင် ဂေါတြဘူက ၀ုဋ္ဌန၊ မဂ်စိတ်က ဂါမိနီ၊ ဂေါတြဘူအဆုံးနဲ့ မဂ်စိတ်အစကို ယူရမည်၊ ကဲ…မကျေနပ်သေးရင် စာတတ် ပေတတ် အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီးတွေထံ ချဉ်းကပ်မေးမြန်းဦးလေ၊ လွယ်တဲ့ ကိစ္စ မဟုတ်ဘူးနော်၊ ဒီကတော့ ဒါလောက်ပဲ ဖြေတတ်တယ်။

ဒကာ။ ။ ဒါလောက် ခက်ခဲနက်နဲသိမ်မွေ့တဲ့ တရားသဘောကို ဒါလောက်သိရတာ အထူးပဲ ကျေးဇူးတင် ၀မ်းသာလှပါပြီ၊ နောက်အခါများမှပဲ အေးအေးဆေးဆေးနဲ့ ဆွေးနွေးမေးမြန်းပါရစေ ဆရာတော်၊ ဂေါတြဘူဆိုတာလည်း ခုမှပဲ ကြားဖူးတာပါ ဆရာတော်။

No comments: