သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Thursday, July 15, 2010

နာမ်ကလာပ်စည်းတော့ မရှိကောင်းဘူးလော

နာမ်ကလာပ်စည်းတော့ မရှိကောင်းဘူးလော
ဒကာ။ ။ အဘိဓမ္မာ ရုပ်နာမ်နဲ့ စပ်ရင် ရုပ်ကလာပ်စည်း ရုပ်ကလာပ်စည်းနဲ့သာပြော ဟောကြတယ်၊ နာမ်ကလာပ်စည်းလို့တော့ ဘယ်သူမှ မပြော၊ မဟောတာ မရှိကောင်းလို့လား ဆရာတော်။
ဆရာ။ ။ အင်း…အဘိဓမ္မာမှာ နာမ်တရားက ဘယ်နှစ်မျိုးရှိပါသလဲ၊ နာမ်သင်္ချာပေါင်းက ဘယ်လောက်ရှိသလဲ သိရင်ဖြေပါ။
ဒကာ။ ။ စိတ်နာမ် စေတသိက်နာမ်လို့ နာမ်မျိုး နှစ်မျိုးရှိကြောင်း သိရပါတယ်၊ စိတ်နာမ်က တပါး၊ စေတသိက်နာမ်က ၅၂ ပါး၊ နာမ်သင်္ချာပေါင်း ၅၃ ပါး ရှိကြောင်း သိရပါတယ် ဆရာတော်။ တပါးစီကိုတော့ ခွဲခြားပြီး မပြောတတ်ပါဘူး။
ဆရာ။ ။ အဲဒီ ၅၃ ပါးသော နာမ်ဓာတ်သဘောတို့ဟာ တခုချင်း၊ တပါးချင်း သက်သက်သီးခြား ဘယ်တော့မှ မဖြစ်ကောင်းဘူး။
သူတို့မှာ ယှဉ်ဖော် ယှဉ်ဖက် အတူဖြစ်ဖက် သဟဇာတ သမ္ပယုတ္တဓမ္မ သဘောတွေရှိတယ်၊ အနည်းဆုံး နာမ်နှစ်မျိုး ပေါင်းစပ်မိမှ အာရုံသိစိတ်ကလေးတခု ဖြစ်ပေါ်လာရတယ်။
ဒကာ။ ။ အဲဒီ အတူတူပေါင်းစပ်မိမှ အသိစိတ်ကလေးတခု ဖြစ်ပေါ်လာပုံကို တပည့်တော်တို့ နားလည်အောင် တိုတိုကျဉ်းကျဉ်းနဲ့ လိုရင်းရှင်းပြပေးပါဦး ဆရာတော်။
ဆရာ။ ။ အာရုံကိုသိတဲ့ အသိစိတ် တခုဖြစ်ပေါ်လာရင် သူနဲ့ယှဉ်ဖက် အတူဖြစ်ဖက် စေတသိက်နာမ်တွေက ဖဿ = ရုပ်နာမ်တို့တွေ့ဆုံမှုသဘော၊ ဝေဒနာ = အာရုံကို ခံစားမှုသဘော၊ သညာ = မှတ်မှုသဘော၊ စေတနာ = ကိစ္စပြီးအောင် စေ့ဆော်ခြင်း၊ ဧကဂ္ဂတာ = တည်ငြိမ်မှု၊ ဇီဝိတ = စောင့်ထိန်းခြင်း၊ မနသိကာရ = မျှော်ခေါ်နှလုံးသွင်းခြင်း။
အဲဒီ စေတသိက်နာမ် ၇ မျိုးတို့ဟာ ဘယ်စိတ်ပဲ ဖြစ်ပေါ်ဖြစ်ပေါ် သူတို့ ပါတာချည်းပဲ၊ သူတို့နဲ့ ယှဉ်တွဲပြီးတော့ တခြားစေတသိက်တွေနဲ့ အတူတူ တပေါင်းတစည်းတတွဲထဲ ဖြစ်ရတာ၊ စိတ်နာမ်ချည်းသက်သက် ဘယ်တော့မှ မဖြစ်ကောင်းဘူး။

ဒကာ။ ။ ဟာ…ဒီလိုဆိုရင် နာမ်ဓမ္မတွေကလည်း သူ့ကလာပ်စည်းနဲ့သူ ရှိနေကြတာပေါ့ ဆရာတော်၊ ဘာကြောင့် နာမ်ကလာပ်လို့ မခေါ်တာလဲ ရှင်းပြပါဦး ဆရာတော်။

ဆရာ။ ။ အင်း….သဘောကတော့ မှန်တယ်၊ အဲဒီ စိတ်နာမ်တို့ ပေါင်းစပ်ဖွဲ့စည်း ဖြစ်ပေါ်လာပုံကလည်း ရုပ်ကလာပ်တို့လို သန္တတိ ဖြစ်တဲ့ အစဉ်ဟာ တန်းစီဖြစ်ပေမဲ့ ရုပ်ဓမ္မလိုတော့ ကလာပ်စည်းနဲ့ စက္ခုဒသက ကလာပ် စသည်ဖြင့် မဖွဲ့စည်းဘူး၊ မခေါ်ဆိုဘူး၊ အဲဒီ “စိတ္တုပ္ပါဒ်” လို့ ခေါ်တဲ့ စိတ် စေတသိက် နာမ်တို့ ဖွဲ့စည်း တန်းစီ ဖြစ်ပေါ်ပုံကိုတော့ “၀ီထိ” လို့ ခေါ်တယ်။

စက္ခုဒွါရ၀ီထိ၊ သောတ ဒွါရ၀ီထိ၊ ပဉ္စ ဒွါရ၀ီထိ၊ မနော ဒွါရ၀ီထိ၊ အဲဒီလို ၀ီထိစိတ် လို့ပဲ ခေါ်ကြတယ်၊ နာမ်ကလာပ်လို့တော့ မခေါ်ကြဘူး၊ အဲဒါကို သိချင်ရင် သင်္ဂြိုဟ် ၀ီထိပိုင်းကို သင်၊ ၀ီထိချကြည့် သိလိမ့်မည်၊ အဲဒါပဲ၊ ကြံကြံဖန်ဖန် နာမ်ကလာပ်ရယ်လို့ မေးတတ်ပလေဗျာ။

ဒကာ။ ။ ကျေနပ်နှစ်သက်လှပါတယ် ဆရာတော်၊ ရုပ်ကလာပ် ရုပ်ကလာပ်နဲ့ နှုတ်သွက်နေကြတော့ကာ နာမ်ကလာပ်များ ရှိသေးသလား တွေးကြည့်မိတာပါ၊ အင်း…၀ီထိ၊ ၀ီထိ၊ ၀ီထိ တဲ့။

No comments: