သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, July 23, 2010

တိုတိုကျဉ်းကျဉ်းကလေးနဲ့ အာနာပါန သမထနည်းနဲ့ ၀ိပဿနာ ရှုပုံ

တိုတိုကျဉ်းကျဉ်းကလေးနဲ့ အာနာပါန သမထနည်းနဲ့ ၀ိပဿနာ ရှုပုံ

ဒကာ။ ။ အာနာပါနကမ္မဋ္ဌာန်း၏ ဈာန်အဘိညာဉ် တန်ခိုးရှင် ထွက်ရပ်ပေါက် သမထသက်သက်လမ်းနဲ့၊ မဂ်ဖိုလ်နိဗ္ဗာန်သွားတဲ့ ၀ိပဿနာသက်သက်လမ်း လုပ်ငန်းနည်းများကို တိုတိုကျဉ်းကျဉ်းကလေးနဲ့ သိပါရစေ ဆရာတော်။

ဆရာ။ ။ ဒီအမေးပဥှာတွေဟာ တခါက မေးပြီးသားတွေလို့ ထင်တယ်၊ အာနာပါန သမထလမ်းသက်သက်လုပ်ချင်ရင် ရုပ်နာမ်ဓမ္မ ပရမတ္ထသစ္စာတွေ ခန္ဓာတွေ ဓာတ်တွေ ကိုလည်း သင်နေ မှတ်နေစရာမလိုဘူး၊ ဖြစ်ပျက်မှု သင်္ခါရတွေကိုလည်း ရှုနေစရာ မလိုဘူး၊ အနိစ္စ ဒုက္ခ အနတ္တ တွေနဲ့ တဏှာ မာန ဒိဋ္ဌိ တွေကိုလည်း ဖြုတ်နေ ပယ်နေစရာ မလိုဘူး။
ကိုယ် ရှူနေရှိုက်နေတဲ့ ထွက်လေ ၀င်လေကိုသာ မမေ့တဲ့ သတိကောင်းကောင်းနဲ့ ထွက်တိုင်း ၀င်တိုင်း ထွက်လေကို လိုက်သိနေပါ၊ ၀င်လေကို လိုက်သိနေပါ၊ သတိအလုပ် မမေ့စေနဲ့၊ မမေ့ရဘူး။ အဲဒီထွက်လေကို ငါသိနေတယ်၊ ငါမှတ်နေတယ်၊ ၀င်လေကိုလည်း ငါသိနေတယ်၊ ငါမှတ်နေတယ်၊ ငါသတိကောင်းကောင်းနဲ့ လိုက်မှတ်နေတယ်လို့ အဲဒီအတိုင်း တဏှာဒိဋ္ဌိစွဲ မကင်းဘဲ ငါစွဲသတိကောင်းကောင်းနဲ့ တချက်မှ မမေ့အောင်သာ လိုက်မှတ်နေပါ။
တခြား မြင် ကြား နံ စား စတဲ့ အာရုံတွေထဲ စိတ်ထွက်မသွားတော့ဘဲ အချိန်ကာလအားဖြင့် ၂ နာရီလောက် ကိုယ်ရှုမှတ်နေတဲ့ ထွက်လေ ၀င်လေ အာရုံတခုထဲမှာသာ မှတ်စိတ်ဟာ ခိုင်မြဲစွာတည်ငြိမ်နေနိုင်လို့ရှိရင် ကိုယ်လိုချင်တဲ့ လောကီဈာန် အဘိညာဉ်တန်ခိုး သိဒ္ဓိပိုင်ရှင်ကြီးတွေဖြစ်ကာ မြေလျှိုးမိုးပျံ ဈာန်ကစားရင်း နောက်ဆုံးနေ့မှာ သင်္ချိုင်းကုန်းလျှင် ထွက်ရပ်လမ်းဖြစ်၏တဲ့။
အဲဒါ အာနာပါန သမထနည်းသက်သက် ထွက်ရပ်လမ်းပါပဲ၊ အဲဒီအတိုင်းသာ ထွက်လေ ၀င်လေကို မမေ့တဲ့သတိနဲ့ သတိကောင်းကောင်းနဲ့ မှတ်သားပေတော့၊ အနည်းဆုံး ၂ နာရီလောက်တော့ စိတ်တည်ငြိမ်နေရမယ်နော်၊ လုပ်နိုင်ပါ့မလား၊ စမ်းလုပ်ကြည့်ပေါ့၊ ၂ နာရီ စိတ်နိုင်ရင် မုချရနိုင်တယ်။
ဒကာ။ ။ ခက်ခဲလှပါတယ်ဆရာတော်၊ တပည့်တော်တို့စိတ်က တရားမှတ်တဲ့အခါ တမိနစ်မှာ ငါးခါလောက် အပြင်ထွက်ထွက်နေတာ၊ တနာရီတည်ကြည်ငြိမ်ဝပ်နေဖို့တောင် အတော့ကို ခက်ခက်ခဲခဲကြိုးစားရမှာမို့ မဖြစ်နိုင်တာက များပါတယ်ဆရာတော်။
ဝိပဿနာသက်သက်နဲ့ နိဗ္ဗာန်သွားလမ်းကိုပဲ တိုတိုကျဉ်းကျဉ်းကလေးနဲ့ နည်းညွှန်ပေးပါတော့ဆရာတော်။
ဆရာ။ ။ အင်း…ငါ၊ ငါ့ဥစ္စာ၊ အတ္တစွဲ မပါဘဲ နှာခေါင်းဖျား၌ စိတ်ကိုစောင့်ထားပြီး ထွက်လေ ၀င်လေ ဖောဋ္ဌဗ္ဗရုပ် ၀ါယောဓာတ်က ထိ ထိသွားတဲ့ အဖြစ်အပျက်ကို သိအောင်ရှုမှတ်နေပါ။
ထိထိ သွားတဲ့ အထိသဘော ဖောဋ္ဌဗ္ဗရုပ်ထဲမှာလည်း ငါမပါဘူး၊ ထိပြီးတော့ ပျက်သွားတာပဲ၊ အထိခံရတဲ့ ကာယရုပ်ထဲမှာလည်း ငါ မပါဘူး၊ ထိပြီးတော့ ပျက်သွားတာပဲ၊ ထိတာကို သိသိနေတဲ့ ထိသိ စိတ်ဆိုတာလည်း ငါမဟုတ် ငါမပါဘူး၊ ထိသိ ပျက်ပဲ။
အဲဒီလို ရုပ်နာမ်တို့ ဖြစ်ပျက်မှုကို ရုပ်နာမ်သက်သက် ငါ ငါ့ဥစ္စာ ငါ့ဟာ ဆိုတဲ့ ဥပါဒါန် မမှီ မစွဲ မပါဘဲ ပညာမဂ္ဂင်၊ သမာဓိမဂ္ဂင်တို့ဖြင့် သန့်ရှင်းစင်ကြယ်စွာ ဂဃနဏ ပြတ်ပြတ်သားသားနဲ့ ရှုမှတ်ပွားများနေရင် ၀ိပဿနာဉာဏ်စဉ်တွေ အဆင့်ဆင့်တက်ကာ ဒိဋ္ဌိ ၀ိစိကိစ္ဆာ ကင်းလျက် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်တွေ့မြင်ကာ အပါယ်တံခါးပိတ်လျက် ခေါင်ထိပ်ဆုံး ချမ်းသာအစစ်ကို ရရှိခံစားရလေတော့၏ တဲ့၊ ကဲ…အဲဒါ အကျဉ်းဆုံးပါပဲ၊ ကျေနပ်ရဲ့လား။
ဒကာ။ ။ အားရ ကျေနပ် နှစ်သက် စရာတွေပါပဲ ဆရာတော်၊ ၀ိပဿနာ သက်သက်ကိုပဲ ပွားများရှုမှတ်ပါတော့မည်၊ သင်္ချိုင်းကုန်းသွားရတဲ့ သမထကိုတော့ ရွံမုန်းပါပြီ ဘုရား၊ ၀ိပဿနာအလုပ်က အတ္တဖြုတ်ရမှာ မလွယ်ဘူးနော်၊ အိမ်က ဒကာမကြီးနဲ့ သား သမီး ဥစ္စာတွေကိုဘဲ ငါ့ဟာ ငါ့ဟာနဲ့ စွဲ စွဲ နေတာ ဆရာတော်၊ အဲဒီ အတ္တကို အတော်ဖြုတ်ယူရမှာဘဲ ဘုရား။

No comments: