သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, July 23, 2010

သုခိနြေ္ဒ ၂ မျိုး၊ သောမနဿိနြေ္ဒ ၂ မျိုး ရယ်လို့ ရှိပါသလား

သုခိနြေ္ဒ ၂ မျိုး၊ သောမနဿိနြေ္ဒ ၂ မျိုး ရယ်လို့ ရှိပါသလား
ဒကာ။ ။ ဝေဒနာနဲ့စပ်ပြီး ဣန္ဒြိယဘေဒ သရုပ်ခွဲတဲ့အခါမှာ သုခိနြေ္ဒ နှစ်မျိုး၊ သောမနဿိနြေ္ဒ နှစ်မျိုး၊ ဟု ဆရာတော်တပါးကပြောလို့ ရှုပ်ထွေးကုန်ပြီ ဆရာတော်၊ ရှင်းပြပေးပါဦး ဘုရား။


ဆရာ။ ။ အင်း….ဒါက ၀ိပဿနာယောဂီတွေအတွက် ပေါ်ထွက်လာတဲ့ သတိပဋ္ဌာန်ဉာဏ်ကစားမှု မှတ်သားစရာတမျိုးလို့ သိထားပေါ့၊ သင်္ဂြိုဟ်ကျမ်းအလိုကတော့ သုခနဲ့ သောမနဿ ပါပဲ၊ အဲဒါကို ထိုထိုဆရာက ၂ မျိုးစီ ခွဲခြားပြလိုက်တာပါ။

ဒကာ။ ။ မှန်ပါ့၊ အဲဒီ ၂ မျိုးစီကို ဒကာကြီးတို့ ဉာဏ်နဲ့ကိုက်အောင် မသွယ်ဝိုက်ဘဲ တဲ့တိုး၊ အလွယ်ဆုံးနဲ့ ရှင်းပြပေးပါဦး ဆရာတော်။

ဆရာ။ ။ ကိုင်း…နားထောင် မှတ်သားပေတော့၊ သုခိနြေ္ဒကို သုခလို့ပဲ လွယ်လွယ် မှတ်လိုက်တော့၊ အဲဒီ သုခ ၂ မျိုးရှိတယ်။

၁။ သာမိသ သုခ = ကာမဂုဏ်တရားဖြစ်တဲ့ ငါ့လင်၊ ငါ့သား၊ ငါ့မယား၊ ငါ့အိုး၊ ငါ့အိမ်၊ ငါ့စိန်၊ ငါ့ရွှေ၊ ငါ့မြေ၊ ငါ့ယာ၊ ငါ့ဥစ္စာ ဟု သာယာခင်မင်စရာ ပြင်ပ၀တ္ထုပစ္စည်းများ ပြည့်စုံခြင်းကိုလည်းကောင်း၊ ကိုယ်တွင်း၌ ရှိနေတဲ့ မျက်စိ နား နှာ လျှာ ကိုယ် တို့၏ ကြည်လင် ပေါ့ပါး တင့်တယ် ကျန်းမာမှု စသည်များကို လည်းကောင်း၊ ကောင်းမြတ်သော အဆင်း အသံ အနံ့ အစာ စသည်တို့ကို မြင်ရ ကြားရ နမ်းရ စားရ ၀၀လင်လင် ခံစားရခြင်း ချမ်းသာသုခကိုလည်းကောင်း၊ အကြောင်းပြု၍ ၀မ်းသာခြင်းဟူသမျှသည် သာမိသ သုခ မည်၏၊ (ကာမနှင့် စပ်တဲ့ ချမ်းသာသုခ ဟူသမျှ) သာမိသ သုခ လို့ မှတ်။

၂။ နိရာမိသ သုခ = သာမိသ သုခ ပိုင်းမှာ ဆိုခဲ့တဲ့ ကာမဂုဏ်တရားဟူသမျှတို့သည် ဆင်းရဲအစုသာဖြစ်တယ်၊ ဆင်းရဲခြင်းကို ရင်ဝယ်ပိုက်ထားရတဲ့ ဒုက္ခသစ္စာ တရားများသာဖြစ်တယ်၊ ဒုက္ခအစု ၀တ္ထုကာမ တွေသာဖြစ်တယ်၊ ဒီဝတ္ထုကာမ လိုချင် သာယာ ခင်မင် တပ်မက်တဲ့ ကိလေသာ ကာမကား ဒုက္ခကို ရစေတတ်တဲ့ အကြောင်း သမုဒယသစ္စာသာ ဖြစ်တယ်ဟု အဲဒီ ဒုက္ခနဲ့ သမုဒယသစ္စာ နှစ်ပါးကို ပိုင်းခြားသိထားသော ယောဂီသည် ထို မြင် ကြား နံ စား ထိ သိ တည်းဟူသော ခန္ဓာငါးပါး ရုပ်နာမ်တရားတွေ၏ ဖြစ်ပေါ်ပြီးလျှင် ချက်ခြင်းခဏ ပျက် ပျက် သွားကြတဲ့ အနိစ္စလက္ခဏာ။

ယင်းသို့ မခိုင်မမြဲ ဖရိုဖရဲ ယိုင်လဲ ပြိုပျက် ကုန်သောကြောင့် ဆင်းရဲခြင်း ဒုက္ခလက္ခဏာ။

၎င်း အနိစ္စနဲ့ ဒုက္ခတို့ကို နိစ္စ- ခိုင်မြဲလာအောင်၊ သုခ- ချမ်းသာလာအောင် စီမံဖန်ဆင်း ပြုပြင်၍ပေးခြင်းငှာလည်း မစွမ်းနိုင်ဘဲ ယင်းရုပ်နာမ်ခန္ဓာတို့ကို စိုးပိုင်မှုမရှိသောကြောင့် အနတ္တမျှသာ။

ငါမဟုတ် ငါ့ဥစ္စာလည်းမဟုတ် ပုဂ္ဂိုလ် သတ္တ၀ါ အသက် ဇီဝလည်းမဟုတ်၊ နာမ်ရုပ်သက်သက် ဖြစ်ပျက်မျှသာဟု ၀ိပဿနာဉာဏ်ဖြင့် ကိုယ်တွင်း၌ ရှုမှတ်ပွားများနေသော ယောဂီသည် ပေါ်လာသော အာရုံတိုင်း၌ မမြဲ ဆင်းရဲ ပြောင်းလဲ ဖေါက်ပြန်မှုတွေချည်းသာ ဉာဏ်ထင်၍နေသောကြောင့် တဏှာ မာန ဒိဋ္ဌိတို့ ကင်းကာ ရှုမှတ်တိုင်း ၀မ်းသာဝမ်းသာလျက် ချမ်းသာ ချမ်းသာ၍ နေတော့တယ်။

အဲဒီလို ၀ိပဿနာဉာဏ် ရင့်သန်စွာဖြင့် ရှုမှတ်တိုင်း ရှုမှတ်တိုင်း ၀မ်းမြောက်ဝမ်းသာ ချမ်းသာ ချမ်းသာ၍ နေခြင်းဟာ ကာမဂုဏ်တရားနဲ့ မစပ်ဆိုင်သောကြောင့် နိရာမိသ သုခမည်၏တဲ့၊ ကဲ…အဲဒါ သုခနှစ်မျိုးရဲ့ သုခိနြေ္ဒပဲ။

သောမနဿိနြေ္ဒနှစ်မျိုးကိုလည်း ဤသုခနှစ်မျိုးလာတဲ့နည်းအတိုင်းပဲ သိထားမှတ်ထားရမည်၊ အနက်အဓိပ္ပာယ် အတူတူသာ ဖြစ်တယ်။

၁။ ဂေဟဿိတ သောမနဿ = သာမိသသုခနည်းအတိုင်း ကာမဂုဏ်နှင့် စပ်ပြီး အပြည့်အ၀ ခံစားမှု၌ ၀မ်းမြောက်ဝမ်းသာဖြစ်မှုမျိုး။

၂။ နေက္ခမဿိတ သောမနဿ = နိရာမိသသုခနည်းအတိုင်း ၀ိပဿနာဉာဏ်နဲ့ စပ်ပြီး မှတ်တိုင်းမှတ်တိုင်း ၀မ်းမြောက်ဝမ်းသာ ဖြစ်မှုမျိုး၊ အဲဒါ သောမနဿိနြေ္ဒ နှစ်မျိုးပဲ။

ရှင်းလင်းကွဲပြား ဉာဏ်နှင့်မိရဲ့လား၊ ခုပြောတဲ့နည်းက ဉာဏ်ကြီးရှင်တို့အတွက်ပဲ။

ဒကာ။ ။ မှန်ပါ့၊ ကျေနပ်နှစ်သက် ရှင်းလင်းလှပါတယ် ဆရာတော်၊ ဒကာကြီးကလည်း ဉာဏ်မနည်းပါဘူး ဘုရား။

No comments: