သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, July 30, 2010

ခန္ဓာ အာယတန ဓာတ်တိုင်း သံသရာဝဋ်ဒုက္ခမည်သလား

ခန္ဓာ အာယတန ဓာတ်တိုင်း သံသရာဝဋ်ဒုက္ခမည်သလား

ဒကာ။ ။ ခန္ဓာ အာယတန ဓာတ် သဘောတွေ မပြတ်ဖြစ်ပျက်နေတာကို သံသရာဝဋ်ဒုက္ခဟု အစဉ်အလာ ဟောကြားနေကြရာ တချို့ဓမ္မဆရာတွေက သံသရာဝဋ်ထဲမပါတဲ့ ခန္ဓာ အာယတန ဓာတ် တွေလည်း ရှိသေးတယ်ပြောကြားနေကြလို့ ခွဲခြားပြီး သိပါရစေ ဆရာတော်။

ဆရာ။ ။ တော်တော်အမေးအမြန်း ထူးဆန်းတဲ့ ဒကာကြီးတွေပဲ၊ ဘယ်ကကြားခဲ့လို့ လာမေးတာလဲ၊ သူတို့ဆီ သွားပြီး ခွဲခြားခိုင်းပါလား။
ဒကာ။ ။ တနေ့က တရားသွားနာရင်း ဓမ္မကထိကဆရာတော်ကြီးတပါး ဟောတာ ကြားနာရလို့ပါ ဆရာတော်၊ တရားပွဲထဲမှာ မေးရတာခက်လို့ပါ။
ဆရာ။ ။ ကဲ….ဒါ့ဖြင့် ပြောပြစမ်းပါ၊ ကြားနာခဲ့ရတဲ့ သံသရာဝဋ်ထဲက လွတ်တဲ့ ခန္ဓာ အာယတန ဓာတ်တွေဆိုတာ ဘယ်ဟာတွေလဲ။
ဒကာ။ ။ ဒီလိုသာ ကွဲကွဲခြားခြား မှတ်မိထားရင် ဆရာတော်ဆီကိုတောင် လာမမေးတော့ဘူး၊ မမှတ်မိလို့ လာမေးတာပါ ဆရာတော်၊ သံသရာထဲ မပါတဲ့ ခန္ဓာဆိုတာတွေရှိရင် ထုတ်ပြပေးပါဦး ဘုရား။
ဆရာ။ ။ အင်း….သံသရာဝဋ်ထဲ မပါတဲ့ ခန္ဓာဆိုတာက လောကုတ္တရာ စိတ် စေတသိက်တွေဟာ နာမ်ခန္ဓာလေးပါးထဲမှာ ပါပေတဲ့ သူတို့က နိဗ္ဗာန်ချမ်းသာ သန္တိသုခဓာတ် တခုတည်းကိုသာ အာရုံပြု သိမှတ် ခံစားသွားကြတဲ့အတွက် အဲဒီဖြစ်ပျက် လောကုတ္တရာစိတ် ၀ိညာဏက္ခန္ဓာနဲ့ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ တို့ဟာ ခန္ဓာသာ ထိုက်တာ၊ သံသရာဝဋ်ထဲမှာ မပါဘူး။
အာယတန တဆယ့်နှစ်ပါးထဲမှာလည်း လောကုတ္တရာစိတ် မနာယတနနဲ့ ယင်းနှင့်ယှဉ်တဲ့ စေတသိက် ဓမ္မာယတနတွေရယ် နောက်ချမ်းသာအစစ် နိစ္စသုခ ဖြစ်တဲ့ နိဗ္ဗာန်အရသာ ဓမ္မာယတနတွေဟာလည်း အာယတနတော့မည်တာပဲ၊ ဒါပေမဲ့ သံသရာဝဋ် ဒုက္ခသစ္စာထဲမှာ မပါဘူး။
ဓာတ် တဆယ့်ရှစ်ပါးထဲမှာလည်း မနောဝိညာဏဓာတ်ဖြစ်တဲ့ လောကုတ္တရာစိတ် ရှစ်ပါးဟာ ဓာတ်သာမည်တာ၊ သံသရာဝဋ်ထဲမှာ မပါဘူး၊ အဲဒီ လောကုတ္တရာစိတ်နဲ့ ယှဉ်တဲ့ စေတသိက်တွေဟာလည်း ဓမ္မဓာတ်သာ မည်တာ၊ သံသရာဝဋ်ဒုက္ခထဲ မပါဘူး၊ နောက် နိရောဓသစ္စာဖြစ်တဲ့ နိဗ္ဗာန်တရားမြတ်ဟာလည်း ဓမ္မဓာတ်သာမည်တာ၊ သံသရာဝဋ် ဒုက္ခ ထဲမှာ မပါဘူး။
လိုရင်းအချုပ်ကတော့ သံသရာလို့ ခေါ်ဆိုရတဲ့ ခန္ဓာ အာယတန ဓာတ် တွေဟာ ၀ိပဿနာယောဂီရဲ့ အာရုံဖြစ်သောကြောင့် လောကီစိတ် စေတသိက်နဲ့ ရုပ်တရားစုဖြစ်တဲ့ လောကီခန္ဓာ လောကီအာယတန လောကီဓာတ်၊ သို့မဟုတ် လောကီမနာယတနနဲ့ ဓမ္မာယတန တရားစုတို့ကိုသာ မုချယူရမှာဖြစ်တယ်၊ ကဲ….သဘောပေါက်ရဲ့လား၊ ဉာဏ်နဲ့စဉ်းစားပါ။
ဒကာ။ ။ ဒါလောက်ကွဲအောင် ခွဲစိပ်ဝေဖန် ထောက်ပြောလို့မှ သဘောမပေါက်ရင်လည်း သူ့ထက် အန္ဓကျတဲ့သူ မရှိတော့ဘူးပေါ့ ဆရာတော်၊ တပည့်တော်ကတော့ ခန္ဓာသာထိုက်ပြီး သံသရာမထိုက်တဲ့ လောကုတ္တရာစိတ်နဲ့ ယင်း၌ယှဉ်တဲ့ စေတသိက်ခန္ဓာတွေကို ပြောပြကတည်းက သဘောကျခဲ့တာပါ ဘုရား၊ တပည့်တော်အား သနားသဖြင့် ခွင့်ပြုလက်ခံပါဆရာတော်။
ဆရာတော်ဘုရား ကျန်းမာရေးအတွက် ဆေးပစ္စည်းများကို တပည့်တော် ဖိတ်ကြားပါတယ် ဘုရား၊ တပည့်တော်အား ဆေးပစ္စည်း ဒကာကြီးဟု မှတ်တော်မူပါ ဆရာတော်။

No comments: