သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Saturday, July 17, 2010

သမ္မာသမ္ဗုဒ္ဓ၏ အရဟတ္တမဂ်ဉာဏ်နှင့် ပစ္စေကဗုဒ္ဓါ၏ အရဟတ္တမဂ်ဉာဏ်တို့ဟာ ကိလေသာ ပယ်ပုံချင်းတော့ အတူတူပဲ မဟုတ်လား? ၀ါသနာဆိုတာ ကိလေသာလား၊ ဘာလဲ?၀ါသနာဆိုတာ ဘာစကားလဲ?

သမ္မာသမ္ဗုဒ္ဓ၏ အရဟတ္တမဂ်ဉာဏ်နှင့် ပစ္စေကဗုဒ္ဓါ၏ အရဟတ္တမဂ်ဉာဏ်တို့ဟာ
ကိလေသာ ပယ်ပုံချင်းတော့ အတူတူပဲ မဟုတ်လား

ဒကာ။ ။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်လည်း ဆရာမရှိဘဲ သစ္စာလေးပါးကိုသိကာ ထောင့်ငါးရာကိလေသာတို့ကို ၎င်းရတဲ့ အရဟတ္တမဂ်ဉာဏ်က ပယ်လျက် သဗ္ဗညုတဂုဏ်ထူးရကာ ဘုရားဖြစ်သွားတာပဲ။
ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေလည်း ဆရာမရှိဘဲ သစ္စာလေးပါးကိုသိကာ ထောင့်ငါးရာကိလေသာတို့ကို ပယ်လျက် ပစ္စေကဗုဒ္ဓါ ဖြစ်သွားကြတာပဲ။
ဒါ့ကြောင့် အဲဒီ အရဟတ္တမဂ်ဉာဏ် နှစ်ပါးဟာ ကိလေသာပယ်တဲ့ နေရာမှာတော့ အတူတူပဲ မဟုတ်လား ဆရာတော်၊ ထူးခြားချက်များ ရှိပါသေးသလား။

ဆရာ။ ။ အင်း….မြတ်စွာဘုရားနဲ့ ပစ္စေကဗုဒ္ဓါဟာ ဆရာမရှိဘဲ သစ္စာ လေးပါးကို သိတာချင်းတော့ တူပါတယ်၊ ဒါပေမဲ့ ကိလေသာကို ပယ်တဲ့ နေရာမှာတော့ အရဟတ္တမဂ်ချင်း မတူဘူး ဒကာကြီးတို့ရဲ့၊ အံ့သြလောက်အောင်ကို ထူးခြားကြတယ်။
ဒကာ။ ။ ဘာဖြစ်လို့လဲ ဆရာတော်၊ သဗ္ဗညုတဉာဏ်တော်နဲ့ တွဲသွားလို့ အံ့သြလောက်အောင် ထူးခြားရတာလား၊ မိန့်ကြားပါဦး ဘုရား။
ဆရာ။ ။ သဗ္ဗညုတဉာဏ်နဲ့ မဆိုင်ပါဘူး၊ အရဟတ္တမဂ်နဲ့ ကိလေသာပယ်ပုံချင်း တူ-မတူ ကို ပြောနေတာ မဟုတ်လား၊ သဗ္ဗညုတဉာဏ်က သီးခြားရတော်မူတာပဲဟာ အရဟတ္တမဂ်နဲ့ ဘာဆိုင်လို့လဲ ဒကာကြီးတို့ရ။
ဒကာ။ ။ အတူတူမှတ်ထင်လို့ ပြောမိတာပါ ဘုရား၊ ထူးခြားပုံများကို မိန့်ကြားတော်မူပါ ဆရာတော်။
ဆရာ။ ။ သဗ္ဗညုတမြတ်စွာဘုရား ရတော်မူတဲ့ အရဟတ္တမဂ်က ထောင့်ငါးရာ ကိလေသာကို ၀ါသနာနှင့်တကွ လုံးဝ ပယ်လိုက်တာ၊ အငွေ့အသက်ကလေးတောင် မကျန်ဘူး။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်များ ရတော်မူတဲ့ အရဟတ္တမဂ်က ကိလေသာရိုးရိုးကိုသာ ပယ်နိုင်တာ၊ ၀ါသနာကိုတော့ မပယ်နိုင်ဘူး၊ ၀ါသနာကလေးကတော့ ကျန်နေသေးတယ်။
ဆရာမရှိဘဲ သစ္စာလေးပါးကို ကိုယ်တိုင်သိကြပေမဲ့ ကိလေသာပယ်တဲ့နေရာမှာ အဲဒီလို ထူးခြားကြတယ်။

ဝါသနာဆိုတာ ကိလေသာလား၊ ဘာလဲ
ဒကာ။ ။ ၀ါသနာဆိုတာ ကိလေသာကို ခေါ်တာလား၊ သို့မဟုတ် ဘယ်ဟာကို ခေါ်ဆိုတာပါလဲ ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ ၀ါသနာဆိုတာ ကိလေသာတော့ မဟုတ်ဘူး၊ လူအများတို့ မကြားချင်တဲ့ မကြိုက်မနှစ်သက်တဲ့ အခေါ်၊ အဝေါ်၊ အပြော၊ အဆိုမျိုးနဲ့ အမြင်မတော်တဲ့ အပြုအမူမျိုးကို ဆိုတယ်၊ ကိလေသာစိတ်မပါဘဲ ခေါ်ဝေါ်ပြောဆို ပြုမူလိုက်တဲ့ မသင့်မလျော်သော အလေ့အထ တမျိုးလို့ပဲ မှတ်ပေတော့။
အဲဒါကြောင့် မြတ်စွာဘုရားမှတပါး ပစ္စေကဗုဒ္ဓါတွေရော ရှင်သာရိပုတ္တရာ၊ ရှင်ပိလိန္ဒ၀စ္ဆ စတဲ့ ရဟန္တာတွေရော သူတို့ရတော်မူကြတဲ့ အရဟတ္တမဂ်က ကိလေသာရိုးရိုးကိုသာ ပယ်နိုင်တာ၊ ၀ါသနာကိုတော့ မပယ်နိုင်ဘူး၊ အဲဒါဟာ အထူးပဲ။

ဝါသနာဆိုတာ ဘာစကားလဲ

ဒကာ။ ။ ၀ါသနာနဲ့ ကိလေသာကို တပည့်တော်တို့ နားလည်အောင် ရှင်းပြပါဦး ဆရာတော်၊ မကွဲပြားသေးလို့ပါ၊ ၀ါသနာဆိုတာက ဘာစကားလဲ ဘုရား၊ ဥပမာကလေးနဲ့ ပြပေးပါ ဆရာတော်၊ ဒါမှ နားလည်လွယ်မှာ ဘုရား။
ဆရာ။ ။ ကိလေသာဆိုတာ အရက်နဲ့တူတယ်၊ ကိလေသာနဲ့တူတဲ့ အရက်တွေ သွန်မှောက်ပစ်လို့ ကုန်သွားပေမဲ့ ၀ါသနာဆိုတဲ့ အနံ့အငွေ့ ကလေးကတော့ အိုးထဲမှာ ကျန်နေသေးသလိုတဲ့၊ ကဲ….ရှင်းရဲ့လား၊ ၀ါသနာဆိုတာ ပါဠိစကားပဲ၊ ထုံခြင်း၊ ကြာမြင့်စွာက ပါလာသော အလေ့အထုံကို ဆိုတယ်၊ အနံ့အသက်ကလေး ဆိုပါတော့၊ အဲဒါ ၀ါသနာပဲ၊ ကိလေသာ မပါဘူး။
ဒကာ။ ။ မှန်ပါ့၊ ရှင်းပါပြီ ဆရာတော်၊ ကောင်းလိုက်တဲ့ ဥပမာ၊ ကိလေသာ မပါတဲ့ အပြောအဆို အမူအရာ လူများမနှစ်သက်စရာတွေပေါ့။

No comments: