သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, July 27, 2010

ဥပါဒါနက္ခန္ဓာ ရှိသလို အနုပါဒါနက္ခန္ဓာ ရှိပါ သလော

ဥပါဒါနက္ခန္ဓာ ရှိသလို အနုပါဒါနက္ခန္ဓာ ရှိပါ သလော

ဒကာ။ ။ လောကထဲမှာ အမှောင်ရှိသလို အလင်းလည်းရှိတာပဲ၊ အသေတရားရှိသလို မသေတရားလည်း ရှိတာပဲ၊ ကုသိုလ်တရားရှိသလို အကုသိုလ်တရားလည်း ရှိတာပဲ၊ ဒါကြောင့် ဥပါဒါနက္ခန္ဓာ ရှိသလို အနုပါဒါနက္ခန္ဓာ ကော မရှိကောင်းဘူးလား ဆရာတော်။

ဆရာ။ ။ အင်း…ဥပါဒါနက္ခန္ဓာ ရှိရင် အနုပါဒါနက္ခန္ဓာလည်း ရှိရမှာပေါ့၊ ရှိကောင်းပါတယ်လေ၊ ကြံကြံဖန်ဖန် မေးတယ်ကိုး။
ဒကာ။ ။ တချို့ဆရာတွေက ကြံကြံဖန်ဖန် မေးတယ်လို့ အပြစ်တင်ကြပါတယ်၊ ဒါပေမဲ့ အဖြေကတော့ မရပါဘူး၊ ဒါ့ကြောင့် တပည့်တော်တို့ အသိရလွယ်တဲ့နည်းနဲ့ မိန့်ကြားပေးပါဦး ဘုရား။
ဆရာ။ ။ အင်း…ခန္ဓာဆိုတာက ဒကာကြီးတို့ မြင်သမျှ ကြားသမျှ နံသမျှ စားသမျှ ထိသမျှ ကြံစည်တွေးတောသမျှ ထင်ရှားဖြစ်ပေါ်နေတဲ့ ရုပ်နာမ်တရားတွေကို ခေါ်ဆိုတာဖြစ်တယ်။ အဲဒီ မြင်မှုကြားမှု စတဲ့ ခန္ဓာတွေအပေါ်မှာ နိစ္စ- မြဲသော၊ သုခ- ချမ်းသာစရာအနေနဲ့ သာယာ ခင်မင် လိုချင် တပ်မက် ဆာလောင်တဲ့ တဏှာနဲ့ ခံစား သုံးဆောင်ကာ ငါ ငါ့ဥစ္စာ ငါ့ဟာ သဘောနဲ့ အတ္တဒိဋ္ဌိ အစွဲမဖြုတ်ဘဲ သဲသဲမဲမဲ မှတ်ယူနေသမျှ အဲဒီ မြင်မှုကြားမှု စတဲ့ သဘောခန္ဓာတွေဟာ တဏှာဒိဋ္ဌိခေါ်တဲ့ ဥပါဒါန်နဲ့ စွဲယူခံနေရသောကြောင့် ဥပါဒါနက္ခန္ဓာတွေသာ ဖြစ်တယ်လို့ မှတ်ယူရမည်တဲ့၊ အများဆုံးက ဒီလိုပဲ မှတ်ယူနေကြတာဖြစ်တယ်။
ဆိုလိုရင်းက သတ္တ၀ါတိုင်း မြင် ကြား နံ စား စတဲ့ ဖြစ်ပေါ်မှု ရုပ်နာမ် ခန္ဓာတွေကို နိစ္စ သုခ အတ္တ သဘောနဲ့ စွဲယူကာ တဏှာဒိဋ္ဌိခေါ်တဲ့ ဥပါဒါန်တရား ဦးစီးသော အာရုံတွေသာ ဖြစ်နေလို့ ယင်းတို့ကို ယေဘုယျနည်းနဲ့ ဥပါဒါနက္ခန္ဓာလို့ ခေါ်တယ်၊ တဏှာဒိဋ္ဌိတို့ဖြင့် အာရုံအယူကို ခံနေရတဲ့ ခန္ဓာတမျိုးပေါ့၊ ကဲ… ဥပါဒါနက္ခန္ဓာကို ကွဲပြားခြားနားစွာ သဘောပေါက်ပြီလား။
ဒကာ။ ။ မှန်ပါ့၊ တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူသမျှ အာရုံခြောက်ပါး လောကီတရားတွေဟာ ဥပါဒါနက္ခန္ဓာတွေသာ ဖြစ်တယ်ဆိုတာ မှတ်သားမိပါပြီ ဆရာတော်။
အနုပါဒါနက္ခန္ဓာတရားများကိုလည်း တပည့်တော်တို့နား၌ အသိရလွယ်သော စကားတို့ဖြင့် ခွဲခြားပြပါဦး ဘုရား။
ဆရာ။ ။ အင်း…ယောဂီသူမြတ်ဟာ ဒကာကြီးတို့ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနမှာ ထင်ရှား ဖြစ်ပေါ် ဖြစ်ပေါ်နေကြတဲ့ မြင်မှု ကြားမှု နံမှု စားမှု ကြံစည်တွေးတောမှု ရုပ်နာမ်တရားစု ဟူသမျှတို့ကို ဥပါဒါန်ဖြစ်တဲ့ တဏှာဒိဋ္ဌိတို့နဲ့ နိစ္စ သုခ အတ္တ ဟု မစွဲယူတော့ဘဲ ဆင်းရဲအစု ဖြစ်ပျက်မှုနဲ့သာ မှတ်ရှုနေတော့တယ်။
ထပ်ပြောဦးမယ်၊ သေသေချာချာ နားထောင်ပါ၊ အဲဒီ ဖြစ်ပေါ်လာသမျှ ခန္ဓာငါးပါး ရုပ်နာမ်တရားစုတို့ကို ယောဂီပွားများ အားထုတ်နေသော ၀ိပဿနာဉာဏ် အယူအစွဲမှန် အကြံအစည်မှန်သော သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ မဂ်ဉာဏ်တို့ဖြင့် အနိစ္စ ဒုက္ခ အနတ္တ ဟုသာ ပိုင်းခြားမှတ်သား ပွားများအားထုတ်နေတော့သောကြောင့် ခန္ဓာထဲ၌ ဥပါဒါန်ခေါ်တဲ့ တဏှာဒိဋ္ဌိတို့နဲ့ မစွဲယူ မမှတ်သားတော့လို့ အဲဒီ အခိုက်အတန့်အားဖြင့် ခန္ဓာငါးပါးကို အနုပါဒါနက္ခန္ဓာလို့ မှတ်ယူရမည်တဲ့။
ဥပါဒါန်မပါသော ၀ိဇ္ဇာဉာဏ်သက်သက်ဖြင့် ခန္ဓာတို့၏ ဖြစ်ပျက်မှု ဒုက္ခအစုကိုသာ အာရုံပြုနေရကား အဲဒီ ခန္ဓာငါးပါးဟာ ဥပါဒါန်စွဲမပါ မရှိသော အရှုခံသက်သက် အနုပါဒါနက္ခန္ဓာသာမည်တော့၏ တဲ့၊ ဒါက ဉာဏ်သဘော ဉာဏ်အလုပ် ဉာဏ်ရှိသူများမှ သိနိုင်တဲ့အရာ၊ ဉာဏ်နဲ့ ကြံဆပြီး ယူရတယ်၊ ကြံကြံဖန်ဖန် မေးတတ်သကိုး၊ ဒီကလည်း ကြံကြံဖန်ဖန်နဲ့ ဖြေကြားလိုက်တာပဲ။
ဒကာ။ ။ မှန်ပါ့၊ ခန္ဓာငါးပါးကို ဥပါဒါန်တရားနဲ့ အမှားမှားတွေ စွဲယူနေရင် ဥပါဒါနက္ခန္ဓာဖြစ်တယ်၊ ဒီခန္ဓာတွေကို ဥပါဒါန်မပါဘဲ အနိစ္စ ဒုက္ခ အနတ္တဉာဏ်ဓမ္မအနေနဲ့ ရှုမှတ်နေရင် ဥပါဒါန် မပါ၊ မစွဲတဲ့ အနုပါဒါနက္ခန္ဓာလို့ သိပါပြီ ဆရာတော်။

No comments: