သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, July 11, 2010

ကြည်လင်တောက်ပနေတဲ့ စိတ်မနောကို သူ့အတိုင်းထားလို့ ရပါသလား

ကြည်လင်တောက်ပနေတဲ့ စိတ်မနောကို သူ့အတိုင်းထားလို့ ရပါသလား
ဒကာ။ ။ အချို့သော ဓမ္မကထိကတွေက “ပဘဿရ မိဒံ ဘိက္ခဝေ စိတ္တံ” ရဟန်းတို့ ဤစိတ်ခေါ်သော မနောဝိညာဏ်သည် ဖြူစင်တောက်ပသော သဘောရှိ၏။ ထို့ကြောင့် စိတ်ကို စိတ်အတိုင်းထားရမည်၊ သူ့သက်သက်တိုင်း ထားကြဟု ဟောကြားနေရာ၊ တချို့ကလည်း အဲဒီတရားဟာမမှန်ဘူး၊ စိတ်ဟာအရိုင်းသဘောကို ဆောင်သည်၊ “စိတ္တံ ဒန္တံ သုခါဝဟံ” စိတ်ကိုယဉ်ကျေးအောင် ဆုံးမ ပေးရမည်-ဟု ဟောပြောကြပြန်ပါတယ်၊ တပည့်တော်တို့ အမှန်သိရအောင် အမှန်တရားကို ဖြေကြားပေးပါဦး ဆရာတော်၊ စိတ်ကို စိတ်အတိုင်းထားလို့ ရတယ်၊ မရဘူး၊ ဆိုတာ အရေးကြီးလွန်းလို့ပါဘုရား။

ဆရာ။ ။ အင်း….အဘိဓမ္မာကျမ်းလာအတိုင်း ပြောပြမယ်နော်၊ စိတ်ဝိညာဏ်ရဲ့ သဘာဝက သူ့ပင်ကို ဖြူစင်တော်ပနေတာတော့ အမှန်ဘဲ၊ စိတ်ဝိညာဏ်သက်သက်၏ မူလ သဘာဝကို ပြောတာနော်။
ဒါပေမဲ့ အဲဒီစိတ်ဝိညာဏ်ဟာ သူ့ချည်းသက်သက် ဘယ်တော့မှမဖြစ်ကောင်းဘူး၊ ယင်းနဲ့ သဟဇာတ သမ္ပယုတ္တ အတူဖြစ်ဖက် ယှဉ်ဖက်ဖြစ်ကြတဲ့ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ စတဲ့ နာမ်ကံစေတသိက်တွေရဲ့ အဖော်သဟဲ တွဲဖက် ကိလေသ၀ဋ် ကမ္မ၀ဋ် ခေါ်တဲ့ အရှိတရားများက ထင်ရှားနေတော့ ပေါ်လာတဲ့ ၀ိပါက၀ဋ် အာရုံတွေကို ကပ်ငြိ သာယာ စွဲလမ်းမှုသဘော၊ ထိုထိုအာရုံသို့ အမှားသက်ဝင်ခြင်းသဘော၊ စတဲ့ မင်ခိုး၊ မြူမှုန်၊ အဖျက်အဆီးဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟ၊ ဒိဋ္ဌိတို့၊ မာနနဲ့ ၀ိစိကိစ္ဆာတို့က ပကတိ သန့်ရှင်းဖြူစင်ကြည်လင်တောက်ပနေတဲ့ စိတ်ဝိညာဏ်ကလေးကို ၀င်ရောက်ပေါင်းစပ် လွှမ်းမိုးကာ မဲမှောင် ညစ်နွမ်း ပေကျံစေတော့တာပဲတဲ့။
ဒါ့ကြောင့် မြတ်ဘုရားက “ပါပသ္မိံ ရမတိ မနော” စိတ်မနောဟာ ဥပါဒါန်၏ အာရုံငါးပါး ကာမဂုဏ် အညစ်တရားထဲမှာသာ နစ်မျောမွေ့လျော် ပျော်ပါးနေလေ့ရှိတယ်လို့ ဟောကြားခဲ့တာပေါ့၊ စိတ်ကို စိတ်အတိုင်းထားရင် အာရုံငါးပါး ကာမဂုဏ်တရားများထဲမှာချည်း နေမှာပဲ ဒကာကြီးတို့၊ ဒီ စိတ်တရားဟာ အမေးအများဆုံးပဲ၊ ကဲ….သဘောကျရဲ့လား၊ ဘာတွေများ စောဒကတက်ဦးမှာလဲ၊ ခဏနေဦး ပြောပြဦးမယ်။
စိတ်ဟာ ဘယ်သောအခါမှ သူ့ချည်းသက်သက် မဖြစ်ဘူး၊ လောဘ ဒေါသ မောဟ၊ အလောဘ အဒေါသ အမောဟ၊ စတဲ့ ယှဉ်ဖက် စေတသိက်တရားတွေနဲ့သာ များသောအားဖြင့် အတူဖြစ်ပေါ်ပြီး အတူတူ ချုပ်ပျက်သွားကြတာပဲ၊ စိတ်ချည်းသက်သက် မဖြစ်ကောင်းဘူး။
ဒကာ။ ။ အသိဉာဏ် မရှင်းသေးပါဘူးဆရာတော်၊ ကိလေသ၀ဋ်၊ ကမ္မ၀ဋ်တွေ သဟဇာတ သမ္ပယုတ္တတွေနဲ့ နက်နဲရှုပ်ထွေးနေပါတယ်၊ ဒကာကြီးတို့ ဉာဏ်နားနဲ့ သင့်တန်တဲ့ စကားပုဒ်တွေနဲ့ ထပ်ရှင်းပြပါဦး ဘုရား။
ဆရာတော်။ ။ ကိုင်း….ဒကာကြီးတို့ကို မေးမည်၊ မှန်မှန်ဖြေကြားပါ၊ ဒကာကြီးတို့ရဲ့အသိစိတ် မနောဟာ ကိုယ့်သား မယား ပစ္စည်း ဥစ္စာ ရေဒီယို ကက်ဆက် မိုတိုကား စတဲ့ စားသောက်စရာ ခံစားပျော်စံရာ အပြည့်အစုံရှိနေတဲ့ မိမိအိမ်မှာနေရတာနဲ့ အခု ဘုန်းကြီးကျောင်းမှာ လာနေရတာနဲ့ ဘယ်မှာ ပျော်ပိုက်မွေ့လျော်သလဲ မှန်မှန်ပြောပါ။
ဒကာ။ ။ ဒကာကြီးရဲ့စိတ်အသိဟာ ကိုယ့်သားမယား ကိုယ့်အိမ် တိုက်တာ ပစ္စည်းဥစ္စာ ကာမဂုဏ်အာရုံရှိတဲ့ နေရာမှာသာ ပျော်ပျော်ပါးပါးနဲ့ နေချင်တာပါပဲ ဆရာတော်၊ ခုလည်း ဆရာတော်နဲ့တရားစကားပြောရင်းပေတဲ့ တပည့်တော်ရဲ့စိတ်မနောက ကိုယ့်သားမယားဆီကိုသာ မကြာမကြာ ရောက်ရောက် သိသိနေတာပါဘဲ၊ ဆရာတော်ရဲ့ကျောင်းမှာ ကိုယ်ကသာနေတာပါ၊ စိတ်ကတော့ အိမ်ပြန်ရောက်နေတာ များပါတယ်။
ဆရာ။ ။ အဲဒီ ကိုယ့်သားမယား အိုးအိမ် ပစ္စည်းဥစ္စာ ကာမဂုဏ်အာရုံတွေကို ငါ့ဟာ ငါ့ဥစ္စာအဖြစ် ဥပါဒါန် အစွဲနဲ့ သိသိဖြစ်ဖြစ်နေတဲ့ စိတ်မနောကံတွေဟာ ဆိုးဝါးယုတ်မာ မဲမှောင်ညစ်နွမ်းကြတဲ့ အ၀ိဇ္ဇာ၊ တဏှာ၊ မာန၊ ဒိဋ္ဌိတို့နဲ့ အတူဖြစ်ပေါ်လာတဲ့ စိတ်တွေသာမို့ ဒကာကြီးတို့ရဲ့ ငါ့သား ငါ့မယား ငါ့ဟာ ဆိုတဲ့ အသိစိတ်မနောတွေဟာ မသန့်ရှင်း မထွန်းလင်းနိုင်တော့ဘူး၊ အကုသိုလ်စိတ်တွေ ဖြစ်နေတော့တယ်၊ မဲမှောင်ကုန်ပြီ၊ ရိုင်းစိုင်းကုန်ပြီ၊ လောဘ ဒေါသ မောဟတွေနဲ့ ဗွက်ပေါက်ကုန်ပြီ၊ စိုးရိမ်ပူဆွေး ရှုပ်ထွေးကုန်ပြီ။
အဲဒါကြောင့် မြတ်စွာဘုရားက စိတ်ကို သူ့အတိုင်းမထားကြနဲ့ စိတ်ဟာ မူလပကတိ ကြည်လင်တောက်ပမှုရှိပေတဲ့ သူ့ချည်းသက်သက် ဖြစ်လေ့မရှိဘူး၊ သူနဲ့တွဲဖက် တင့်တယ်ကောင်းမြတ်တဲ့ သောဘဏ စေတသိက်မျိုးတွေ၊ ဆိုးဝါးမည်းနက်တဲ့ အ သောဘဏ စေတသိက်မျိုးတွေနဲ့သာ ဖြစ်လေ့ရှိတာကြောင့် မကောင်းဆိုးဝါး မိုက်မဲတဲ့ အကုသိုလ်စေတသိက်တွေနဲ့ မတွဲဖက် မယှဉ်စပ်ရအောင် ရှောင်ကြဉ်ကြပြီး စိတ်ကို ယဉ်ကျေးအောင် ဆုံးမပေးကြလို့ ဟောကြားခဲ့တာပဲ၊ ကဲ….အသိဉာဏ်ရှင်းရဲ့လား ဒကာကြီးတို့။
ဒကာ။ ။ ရှင်းပါပြီ ဆရာတော်၊ စိတ်ကို စိတ်အတိုင်းသာထားရင် စိတ်ရဲ့ အကြိုက်ဖြစ်တဲ့ ဒီ သားမယား စည်းစိမ်ဥစ္စာတွေထဲမှာသာ ၀ဲလည်နေမှာပဲ ဆရာတော်၊ ကမ္မဋ္ဌာန်းရိပ်သာကို ရောက်တော့မှာ မဟုတ်ဘူး၊ ဒါနဲ့များ စိတ်အတိုင်းထားလို့ ဟောကြားတဲ့ လူများ ရှိသေးသကို။

No comments: