သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, July 27, 2010

အကောင်ပုပ် ပညတ်နိမိတ်အာရုံဖြင့် ၀ိပဿနာဉာဏ် ဖြစ်မည်လော

အကောင်ပုပ် ပညတ်နိမိတ်အာရုံဖြင့် ၀ိပဿနာဉာဏ် ဖြစ်မည်လော

ဒကာ။ ။ ၀ိပဿနာဉာဏ်ဖြင့် ကိုယ်တွင်းကိုရှုမှတ်သောအခါ ကိုယ်ကောင်ကြီးပုပ်ပွလာတာတွေ သွေးပြည်တွေထွက်ကျနေပြီး ရောင်ကားနေတဲ့ သူသေကောင်ကြီးလို မိမိကိုယ်ကိုမြင်မြင်နေရတဲ့ တကယ်အဖြစ် ပရမတ်အစစ်မဟုတ်တဲ့ စိတ်ကူးမှု ပညတ်အာရုံတွေဟာ ၀ိပဿနာဉာဏ်ဖြစ်နိုင်ပါ့မလား ဆရာတော်၊ တချို့က အဲဒီ အပုပ်ကောင်ကြီးဟာလည်း ၀ိပဿနာအာရုံဖြစ်တာပဲဟု ဟောကြပါသည်၊ တချို့ကလည်း ၀ိပဿနာအာရုံ မဖြစ်ဟု ပြောနေကြပါသည်။

ဆရာ။ ။ အင်း….“ ၀ိပဿနာ ၀ိနိမုတ္တော ဓမ္မောနာမ နတ္ထိ” ရှုမှတ်တတ်ရင် ၀ိပဿနာဉာဏ်မှ လွတ်တဲ့ တရားဟူ၍ မရှိပါဘူးတဲ့ ဒကာကြီးတို့ရ။
ဒကာ။ ။ ၀ိပဿနာဉာဏ်က ဖြစ်ပျက်မှု ရုပ်နာမ်ပရမတ် အနိစ္စ လက္ခဏာကို အာရုံပြုရမှာပဲ ဆရာတော်၊ ဒီ မိမိကိုယ်အကောင်ပုပ် ပညတ်အာရုံကြီး ထင်နေတာကို ပရမတ်ဖြစ်အောင် ဘယ်လို မှတ်ရမှာလဲ ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ ကိုယ်တွင်း မျက်စိ နား နှာ စတဲ့ အာယတနခြောက်ပါးမှ ၀င်လာတဲ့ အာရုံ ပရမတ္ထဓမ္မတွေကို မပြတ်ရှုမှတ်နေတဲ့ ယောဂီဟာ ရံခါ ဒီလိုပဲ မိမိကိုယ်ကို မြင်ရတတ်ပါတယ်။
ဒါတွေက သူ၏သမာဓိအရှိန်နဲ့ တကယ်မဟုတ်တဲ့ ဖြုတ်ဆိုပေါ်ပေါက်လာတတ်တဲ့ ပညတ်အာရုံတွေဆိုတာ မှန်ပါတယ်၊ အဲဒီလို မြင်မြင်နေရတဲ့ မိမိကောင်ပုပ်ကြီးကိုပင်၊ သို့မဟုတ်၊ လူ နတ် သစ်ပင် တော တောင် စတဲ့ တစုံတခုသော အာရုံကိုပင်၊ မြင်တယ် မြင်တယ်လို့ မှတ်လိုက်ပါ၊ မြင်တယ် မြင်တယ်လို့ မှတ်လိုက်ရင် မိမိမြင်နေတဲ့ ကိုယ်ကောင်ပုပ်ကြီး၏ ပျောက် ပျောက် သွားတာကို ထင်ထင်ရှားရှားနဲ့ တွေ့တွေ့ သိသိ သွားပါလိမ့်မယ်၊ အဲဒီလို တွေ့သိ တွေ့သိ သွားတာကိုပဲ တွေ့သိပျက် တွေ့သိပျက်မို့ ၀ိပဿနာလို့ပဲ ဆိုရမှာဖြစ်ပါတယ်။
ဒကာ။ ။ သူတွေ့မြင်နေရတာဟာ စိတ်ကူးနဲ့ပေါ်လာတဲ့ ပညတ်အာရုံ သူ့ကိုယ်ကောင်ပုပ်ကြီးဟာ ပရမတ်ရုပ်နာမ်မဟုတ်တဲ့ဟာကို ပြန်ပြန်မှတ်နေရင် ဒီအကောင်ပုပ် ပညတ်အာရုံကြီးဟာ ပညတ်အာရုံသာ ထင်နေမှာပေါ့ ဆရာတော်၊ ရှင်းပြပါဦး ဘုရား၊ ၀ိပဿနာအာရုံ ဖြစ်ပုံကိုသိရအောင်။
ဆရာ။ ။ ဟုတ်ပါတယ်လေ၊ သူမြင်သိနေတဲ့ မိမိကိုယ်ကောင်ပုပ်ကြီးကတော့ ပညတ်အာရုံပါပဲ။
အဲဒီ ကိုယ်ကောင်ပုပ်ကြီးရဲ့ ပုံပန်းသဏ္ဌာန် ဟန်ပန်နိမိတ်ကို မြင်သိ မြင်သိနေတဲ့ မနောဝိညာဉ်စိတ်ကတော့ ပရမတ် ဆတ်ဆတ်အစစ်ပေါ့၊ မိမိကိုယ်ကောင်ပုပ်ကို တွေ့မြင်နေရတဲ့ ယောဂီဟာလည်း စိတ်ကတွေ့မြင်နေတယ်ဆိုတာ မုချသိပါတယ်။
ဒါကြောင့် မနော်ဝိညာဉ်၌ ပေါ် ပေါ် သိ သိ ထင် ထင် မြင် မြင် လာကြတဲ့ ထိုထိုအာရုံ ကိုယ်ပုံသဏ္ဌာန်နှင့်တကွ ထင်မြင်တဲ့ မနောဝိညာဉ် အသိစိတ်ကလေးပါ တချက်ချင်း ထင်ပျက် မြင်ပျက် သိပျက်နဲ့ အဲဒီလို တရိပ်ရိပ်နဲ့ ပေါ်ပျက်နေတာကို သိ သိ နေခြင်းသည်ပင် ၀ိပဿနာဉာဏ် ပညာ အစစ်ဖြစ်တယ်လို့ မှတ်ပေါ့၊ သိပေါ့၊ ရှုပေါ့၊ ပွားပေါ့။
ကဲ…ကျေနပ်ရှင်းလင်းရဲ့လား၊ စိတ်ကို ပဓာန ထားရတယ်၊ စိတ်ကတချက်သိ တခါပျက်နဲ့ သွားနေတာ၊ စိတ္တာနုပဿနာနည်းနဲ့ လိုက်ပေါ့။
ဒကာ။ ။ ဒီလိုဆိုတော့လည်း ရှင်းပါတယ် ဆရာတော်၊ ၀ိပဿနာ အလုပ်က ဆရာမပြဘဲနဲ့တော့ အသိရခက်ပါတယ်ဘုရား၊ ဒါ့ကြောင့် စာပေတတ်သိတဲ့ ပညာရှိ ဆရာတော်ထံ လာ လာ မေးရပါတယ်၊ လိုရင်းကတော့ သိမှတ်တဲ့ စိတ်ကလေး လည်း ပျက်၊ သိမှတ်ခံရတဲ့ အာရုံလည်းပျက်၊ ဒါကိုသိထားဖို့က အရေးကြီးဆုံးပဲကိုး၊ ဒါကြောင့် မြင် မြင် တယ် မှတ်ခိုင်းတာ၊ ခုမှပဲ ရှင်းတော့တယ် ဆရာတော်၊ ကျေးဇူးတင်ပါတယ် ဘုရား၊ စာပေ မတတ်ဘဲ ၀ိပဿနာဆရာ လုပ်စားသူတွေက ပေါတယ်ဘုရား၊ သူတို့က တောင်ဟော တောဟောနဲ့။

No comments: