သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Saturday, December 18, 2010

ရှင်သာရိပုတ္တရာက ရှင်မောဂ္ဂလာန်လောက် ပညာဉာဏ်မထက်လို့ လ, ၀က် နောက်ကျသွားရတာလား


ရှင်သာရိပုတ္တရာက ရှင်မောဂ္ဂလာန်လောက် ပညာဉာဏ်မထက်လို့
လ, ၀က် နောက်ကျသွားရတာလား

ဒကာ။           ။ ဆက်မေးခွင့်ပြုပါဦးဆရာတော်၊ ရှင်မောဂ္ဂလာန်ထေရ်မြတ်က ခုနစ်ရက်ထဲနဲ့ ရဟန္တာကြီးဖြစ်သွားပါလျက် ရှင်သာရိပုတ္တရာထေရ်ကျတော့ လ, ၀က်တိတိ ၁၅ ရက် ရှိမှ ရဟန်းကိစ္စပြီးရတာဟာ ဘ၀င်မကျစရာ ဖြစ်နေပါတယ်၊ ဘုရားပြီးရင် ရှင်သာရိပုတ် ဟာ ပညာအရာမှာ သူတဆူသာဖြစ်ပါလျက်နဲ့ ဒီလို အထက်မဂ် ရယူရေးမှာ ရှင်မောဂ္ဂလာန်အောက် ခုနစ်ရက်လောက် နောက်ကျနေရတာကို သူအချို့က မဟုတ်ဘူးလို့ ငြင်းနေကြပါတယ်၊ အဲဒါလေး တိုတိုကျဉ်းကျဉ်းနဲ့ ရှင်းပေးပါဦး ဘုရား။
ဆရာ။           ။ အရှင်သာရိပုတ္တရာ၏ ၀ိပဿနာဉာဏ် အရှုခံတရားတွေက အရှင် မောဂ္ဂလာန် ရဲ့ ၀ိပဿနာဉာဏ် အရှုခံတရားတွေထက် အဆပေါင်းများစွာ ကြီးကျယ်ပြန့်ပွားနေသောကြောင့် နောက်ကျသွားတယ်လို့ ဆိုတယ်၊ အဲဒါဟာ အတိုအကျဉ်းဆုံး အဖြေပဲ။
ဒကာ။           ။ တပည့်တို့နားလည်ရုံမျှ အနည်းငယ်တိုးချဲ့ပြီး ပြောပြပေးပါဦး ဆရာတော်၊ တိုလွန်းတော့ ဘာမှ နားမလည်တော့ဘူး။
ဆရာ။           ။ အင်း…တိုတိုကျဉ်းကျဉ်းဆို၊ ခုတော့ နားမလည်ပြန်ဘူးတဲ့။ အရှင်သာရိပုတ္တရာက ရုပ်တရားစုအပေါ်မှာ မှတ်တဲ့အခါ ရူပ, ရုပ်ကို အနိစ္စ, ဒုက္ခ, အနတ္တနဲ့ လိုက်မှတ်တယ်၊ ဖဿကို အနိစ္စ, ဒုက္ခ, အနတ္တနဲ့ လိုက်မှတ်တယ်၊ ဝေဒနာကို အနိစ္စ, ဒုက္ခ, အနတ္တနဲ့ ရှုမှတ်တယ်။
          သဒ္ဒရုပ်, သောတရုပ်, သောတ၀ိဉာဏ်၊ ဖဿ, ဝေဒနာ စသည် တို့ကိုလည်း သည်လိုပဲ လုံးစေ့ပတ်စေ့ တခုစီ, တခုစီ ခွဲခြားပြီးတော့ ကျယ်ပြန့်စွာ ရှုမှတ်ပွားများနေတော့ကာ ပရိကံဉာဏ်အရာမှာ များပြား စေ့စပ်လွန်းလျက် (ရှင်ဘုရင် တခါထွက် ပဲကြီး တလှေချက် ဆိုတာလို) တော်တော်နဲ့ ကိစ္စမပြီးဘဲ နောက်ကျ ကြန့်ကြာနေရတယ်တဲ့၊ အဲဒါဟာ အဋ္ဌကထာ ဆရာတွေရဲ့ ရှေ့နေ လိုက်ချက်ပဲ။
          အရှင်မောဂ္ဂလာန်ကတော့ ရုပ်နာမ် ဓမ္မတို့ရဲ့ ဖြစ်ပျက်မှုကို ဥဒယ၀ယဉာဏ်နဲ့ တပေါင်းတစု တလုံးတည်း ရှုမှတ်ပွားများလို့ မြန်မြန်ကိစ္စပြီးသွားတာတဲ့၊ ကဲ…အဲဒါ အနည်းငယ် တိုးချဲ့လိုက်တာပဲ၊ သဘောပေါက်ရဲ့လား။
ဒကာ။           ။ သဘောပေါက်ပါပြီ ဆရာတော်၊ ရှင်ဘုရင်နဲ့ ဆင်းရဲသား ခရီးသွားသလိုပေါ့ ဘုရား၊ ဆင်းရဲသားက လွယ်အိတ်ကလေး ဘေးချိတ်လိုက်ရင် ပြီးတာပဲ၊ ရှင်ဘုရင်ကတော့ ဘယ်ဝင်း ညာဝင်း ရှေ့တပ် နောက်တပ်တွေ ချဲ့နေရတာနဲ့ မပြီးနိုင်တော့ဘူး။

No comments: