သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, August 22, 2010

သဿတနှင့် ဥစ္ဆေဒဒိဋ္ဌိမှ လွတ်ကင်းအောင်ကော

သဿတနှင့် ဥစ္ဆေဒဒိဋ္ဌိမှ လွတ်ကင်းအောင်ကော

ဒကာ။ ။ ဒကာကြီးတို့ ကိုရင်သာမဏေဝတ်တုံးက လိင်ဆယ်ပါး သိက္ခာပုဒ်ထဲမှာ (မိစ္ဆာဒိဋ္ဌိကော ဟောတိ၊ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ - ဟု မှားသော အယူရှိလျှင် ကိုရင်သာမဏေ မဟုတ်၊ လူဖြစ်၏ ဟု) ပါရှိပါတယ်၊ ဒီအယူနှစ်ပါး လွတ်အောင် ဘယ်လိုမှတ်ယူရမည်ဆိုတာ အသိလွယ်လွယ်နဲ့ ရှင်းပြပါဦး ဆရာတော်။

ဆရာ။ ။ အင်း..အခု ဒကာကြီးတို့ရဲ့ ခန္ဓာကိုယ်မှာ မှီပြီး ဖြစ်ပျက်နေတဲ့ ဝိညာဉ်စိတ်ကလေးဟာ ဤကိုယ်ကောင်ကြီး သေပြီးတဲ့နောက် တပါးသော ကိုယ်ကောင်ထဲကို ပြောင်းဝင်သွားတယ်လို့လည်း မယူမစွဲရဘူး။
တစုံတခုသော ဘဝဆိုတာဟာ အလိုလိုဖြစ်လာတာပဲ။ သေသွားးရင် ဘာမှမရှိတော့ဘဲ ပျောက်ပျက်သွားတာသာ ဖြစ်တယ်လို့လည်း မယူမစွဲရဘူး၊ ဤဘဝမှ ဟိုဘဝသို့ အကြောင်းမကင်းရုံမျှ ဖြစ်ဖြစ်သွားတာပဲလို့ ယူရင် ဒိဋ္ဌိနှစ်ပါးမှ လွတ်တယ်၊ ကဲ…ကဲ အဲဒါပဲ။
ဒကာ။ ။ နည်းနည်းလောက်ထပ်ပြီး ရှင်းပါဦး ဆရာတော်၊ ဒကာကြီးတို့ နားလည်လွယ်တဲ့ စကားနဲ့ ပြောပြပါ။
ဆရာ။ ။ ဒီဘဝ ကိုယ်ကောင်ကြီးမှာ သေခါနီး နောက်ဆုံးဖြစ်တဲ့ စိတ်ကို စုတိစိတ်လို့ ခေါ်တယ်၊ အဲဒီ စုတိစိတ်ကလေးဟာ ဖြစ်ပြီးပျက်သွားရော၊ ဒီကိုယ်ကောင်ကြီးထဲမှာ စိတ်နာမ် အသစ်အသစ်တွေ ဖြစ်မလာတော့ဘူး၊ အဲဒါ သေတာပဲ၊ အခြား တပါး ထွက်ခွါပြောင်းရွှေ့သွားတဲ့စိတ်၊ သို့မဟုတ် အတ္တကောင် အသက်ကောင် လိပ်ပြာကောင် ရယ်လို့ မရှိပါဘူး။
ဘဝအသစ်မှာ ဖြစ်တယ်ဆိုတာကလည်း ဘဝအဟောင်းတွေများစွာက ပြုလုပ်ခဲ့တဲ့ ကံကြောင့် သေခါနီးကလေးမှာ ကပ်ပြီးတော့ စွဲလမ်းလိုက်တဲ့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ဆိုတဲ့ အာရုံသုံးပါးထဲက တပါးပါးထင်မြင်ဖြစ်ပေါ်လာကာ လားရာဘဝသစ် ဌာနမှာ မှီရာဝတ္ထုရုပ်နှင့်တကွ ပဋိသန္ဓေခေါ်တဲ့ စိတ်အသစ်ကလေးတခု ဖြစ်သွားတာပဲ၊ အဲဒါကို ခုဘဝနဲ့ နောက်ဘဝ၊ ဘဝနှစ်ခုစပ်နေလို့ ပါဠိလို “ပဋိသန္ဓေ” နေတယ်လို့ ခေါ်ကြတယ်။
အဲဒီ ပဋိသန္ဓေ စိတ်ကလေးကလည်း ဖြစ်ပြီးပျက်သွားတာပဲ၊ သည်နောက်မှ ရှေးကံအရှိန်ကြောင့် ဘဝင်စိတ်တွေ ဆက်ပြီးတော့ ဖြစ်ပေါ်လာကြတယ်၊ သည်နောက် အာရုံခြောက်ပါးထဲက တပါးပါးထင်ပေါ်လာတဲ့အခါ အဲဒီဘဝင်စိတ်တွေက ပြတ်ရပ်ပြီးတော့ ထိသိစိတ် မြင်စိတ် ကြားစိတ် စတဲ့စိတ်တွေ အကြောင်းအားလျော်စွာ ဖြစ်ပေါ် ဖြစ်ပေါ် လာနေကြတာပဲ။
အဲဒီလို ဘဝဟောင်းက ကံအကြောင်းတွေကြောင့် ဘဝသစ် စိတ်သစ် ရုပ်သစ်တွေ တရစပ် ဖြစ်ပျက်နေတာသာ ဖြစ်တယ်။
အမှန်ကတော့ ကံအကြောင်းကြောင့် အဟောင်းအဟောင်းတွေက ပျက်ပျက်ပြီး အသစ်အသစ်တွေ ဖြစ်နေတာဘဲ၊ အဲဒီလို မခိုင်မြဲလို့ သဿတလည်းမဟုတ်ဘူး၊ အသစ်အသစ်တွေသာ ထပ်ထပ်ဖြစ်နေလို့ ဥစ္ဆေဒလည်းမဟုတ်ဘူး၊ အဲဒီလိုကံကို မူလထားပြီး ယူရင် ဒိဋ္ဌိဆိုးကြီးနှစ်ပါးမှလွတ်တယ်၊ ကဲ…ဆိုစမ်း ဘာပြောဦးမလဲ။
ဒကာ။ ။ ခုမှပဲ ရှင်းတော့တယ် ဆရာတော်၊ ကျေးဇူးတင်ပါတယ်ဘုရား၊ တော်တော်ခက်တဲ့ သဘောတရားပဲကိုး၊ ဒီဘဝက စိတ်တွေ ရုပ်တွေ ဟိုဘဝမပါလို့ သဿတဒိဋ္ဌိလည်းမဟုတ်၊ ဟိုဘဝမှာလည်း စိတ်တွေ ရုပ်တွေ အသစ်အသစ်တွေ မပြတ်ဖြစ်နေလို့ ဥစ္ဆေဒဒိဋ္ဌိလည်း မဟုတ်ဘူး၊ ရှင်းပါပြီဘုရား၊ ဉာဏ်အလုပ် သဘောတွေပဲကိုး၊ ခက်တာပေါ့။

No comments: