သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, August 8, 2010

ဘုရားလက်ထက် အသက်အရှည်ဆုံးရဟန္တာ ဘယ်သူလဲ၊ ဗာကုလဆိုတာ ဘာလဲ၊

ဘုရားလက်ထက် အသက်အရှည်ဆုံးရဟန္တာ ဘယ်သူလဲ

ဒကာ။ ။ မြတ်စွာဘုရားသခင် မျက်မှောက်၌ ၀င်ရောက်ရဟန်းပြုကြတဲ့ ရဟန်းတော်တွေထဲမှာ ဘယ်ရဟန္တာဟာ အသက်ရှည်ဆုံးပါလဲ ဆရာတော်။

ဆရာ။ ။ အရှင်ဗာကုလမထေရ် ဟာ သက်တော်အရှည်ဆုံးပဲလို့ ထင်တယ်၊ အရှင်ဗာကုလဟာ လူ့ဘ၀နဲ့ အသက် ၈၀ နေပြီးမှ ရဟန်းဝင်ပြုတာ အနာရောဂါကင်းတဲ့ ကျန်းမာရေးဘက်က သူမတူ ဧတဒဂ်ဘွဲ့တံဆိပ် ရတော်မူတယ်။
ရဟန်းပြုပြီးတော့ ဗုဒ္ဓသာသနာတော်မှာ ထင်ရှားတဲ့ ရဟန္တာဘ၀နဲ့လည်း အသက် ၈၀ နေတော်မူသွားတယ်၊ နှစ်ရပ်ပေါင်း သက်တော် ၁၆၀ ပြည့်သောအခါ ပရိနိဗ္ဗာန်ဝင်စံတော်မူသွားတယ်၊ ဒါ့ကြောင့် ဗုဒ္ဓလက်ထက် အသက်အရှည်ဆုံး ရဟန္တာဟာ အရှင်ဗာကုလထေရ်လို့ ထင်တာပဲ၊ စာကြည့်ရဦးမည်။

ဗာကုလဆိုတာ ဘာလဲ
ဒကာ။ ။ “ဗာကုလ” ဆိုတဲ့ ပါဠိစကားက မြန်မာလို ဘာကိုဆိုတာလဲ ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ “ဗာကုလ” ဆိုတာ ဗာ - က တပုဒ်၊ ကုလ - က တပုဒ်၊ ဗာ ဆိုတဲ့ပါဠိက နှစ်ခုကိုဟောတယ်၊ ကုလ ဆိုတာက အမျိုး တဲ့၊ ဆွေမျိုးနှစ်ဖက် နှစ်ခုရှိသောသူပေါ့။
ဒကာ။ ။ အမိဘက်က အမျိုး၊ နဲ့ အဖဘက်က အမျိုး၊ ကို ဆိုတာလား ဆရာတော်။
ဆရာ။ ။ ဟာ…ဒါက လူတိုင်းရှိတာပေါ့၊ သူ့အတွက်က အမိဘက် အဖဘက် အမျိုးကို ဆိုတာ မဟုတ်ဘူး၊ သူငယ်ငယ်ကလေးမှာ သူ့မိခင်က ချစ်စနိုးနဲ့ ဂင်္ဂါမြစ်ထဲ ရေချိုးပေးနေတုံး ငါးကြီးတကောင်က ဆွဲမျိုသွားလို့ ငါးကြီးရဲ့ ၀မ်းထဲရောက်သွားတဲ့အခါ သူက “ပစ္ဆိမဘ၀ိက” သားမို့ မည်သည့် တန်ခိုးရှင် မည်သည့်လက်နက်မျိုးနဲ့မှ သူ့ကို သေအောင် သတ်ခြင်းငှာ မစွမ်းနိုင်ဘူး၊ ငါးကြီးက သံပူခဲကြီးကို မျိုလိုက်ရသလို ပူလောင်ကာ လန့်ဖျန့်ပြီး ကူးပြေးရင်း တံငါရဲ့ပိုက်ထဲ သွားတိုးမိတာပဲ။
အဲဒီ ငါးကြီးကို သူဌေးမတဦးက ၀ယ်ပြီး ဗိုက်ခွဲလိုက်တော့ ဖြူဖွေးသန့်ရှင်းလှပတဲ့ ကလေးငယ်ကလေး အသက်ရှင်နေတာတွေ့ရလို့ ကိုယ်ပိုင်သားအဖြစ်နဲ့ ချစ်ခင်မြတ်နိုးစွာ မွေးကြတယ်တဲ့။
သူ့မိဘ အရင်းတွေက အဲဒီ သတင်းစကားကြားတော့ သွားတောင်းကြတယ်၊ ဒီကလည်း ငါးဝမ်းထဲက ရတာ၊ မပေးနိုင်ဘူး “ရေမှာအဆုံး-ကုန်မှာတ၀က်” ရေထဲကရတဲ့ သားဆိုပြီး ငြင်းပယ်ကြတယ်၊ သူ့မိဘရင်းတွေကလည်း သူဌေးတွေ၊ ဒီက နောက် မိဘတွေကလည်း သူဌေးတွေဆိုတော့ တရားဖြစ်ကြတာပေါ့။
အဲဒါနဲ့ တရားသူကြီးတွေက နှစ်ဦးနှစ်ဖက်သော အမျိုးတွေကို တောင်းပန်ပြီး မူလမိဘမျိုးရော၊ နောက်မိဘမျိုးပါ သူဌေးနှစ်မျိုးစလုံး ပိုင်ဆိုင်တဲ့ သားကလေးဖြစ်လို့ မူလမိဘ အမျိုးအိမ်မှာလည်း နေနိုင်တယ်၊ နောက်မိဘ အမျိုးအိမ်မှာလည်း နေနိုင်တယ်လို့ အဆုံးအဖြတ်ပေးသောကြာင့် အဲဒီ သတို့သားကလေးကို “ဗာကုလ” လို့ နာမည်ပေးခေါ်ဝေါ်ကြတယ်တဲ့၊ ကဲ….ရှင်းပြီလား။
ဒကာ။ ။ အော်….ဗာ က နှစ်ခု၊ ကုလ က အမျိုးကို၊ ခုမှပဲ ရှင်းတော့တယ် ဆရာတော်၊ ဒကာကြီးက ဗာကုလ ဆိုတာ ဘယဆေးပင်ရဲ့ နာမည်တမျိုးလားလို့ ထင်နေတာ။

No comments: