သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, August 4, 2010

သတိပဋ္ဌာန်တရားနဲ့မှသာ မဂ်ဖိုလ်ကို ရကောင်းသလား

သတိပဋ္ဌာန်တရားနဲ့မှသာ မဂ်ဖိုလ်ကို ရကောင်းသလား

ဒကာ။ ။ မြတ်ဗုဒ္ဓ၏ ပရိယတ္တိသာသနာအဆုံးအမတော်၌ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် ရှိနေတဲ့ဟာပဲ၊ သတိပဋ္ဌာန်တရားလေးပါးမှ တခြားဖြစ်သော တရားဓမ္မတွေနဲ့ အားထုတ်ရင်ကော မဂ်ဖိုလ်မရကောင်းဘူးလား ဆရာတော်။
တရားပြဓမ္မဆရာတွေက သူတို့ သာဝကတွေကို သတိပဋ္ဌာန်လေးပါးနဲ့ချည်း ပြ ပြ ပေးနေလို့ မေးရတာပါ၊ ပိဋကတ်တော်က ဘယ်လိုများ မှာထားပါသလဲ ဆရာတော်။

ဆရာ။ ။ ဒကာကြီးတို့က ဘယ်လိုများကြားဖူးလို့လဲ၊ အဲဒီ တရားလေးပါး မပါဘဲနဲ့ မဂ်ဖိုလ်နိဗ္ဗာန်ထဲ ရောက်သွားသူများရှိသလား။
ဒကာ။ ။ ရှိတာပေါ့ဆရာတော်၊ ဓမ္မကထိကတွေ ဟော ဟော သွားကြလို့ မကြာ မကြာ နာယူမှတ်သား ကြားဖူးထားရတာပဲဟာ၊ သန္တတိအမတ်ကြီးတို့၊ ပဋာစာရီတို့ တရားနာရင်းနဲ့ မဂ် ဖိုလ် ရသွားကြတာပဲ၊ သတိပဋ္ဌာန်တရား အားထုတ်တယ်လို့လည်း မဟောပြောကြပါဘူး၊ တရားလည်းဆုံးရော မဂ် ဖိုလ် ရသွားကြတဲ့ လူတွေ နတ်တွေ အသင်္ချေ အနန္တပဲဟာ။
ဆရာ။ ။ အင်း…မဂ် ဖိုလ် ရတယ်ဆိုတာက မဂ္ဂင်ရှစ်ပါးကို မူတည်ပွားများမှ မဂ် ဖိုလ် ရတာ၊ မဂ္ဂင်ရှစ်ပါးကို လွှတ်ထားပြီးတော့ မဂ် ဖိုလ်တရားရတဲ့သူ ဤသာသနာတော်မှာ တယောက်မှ မရှိဘူး ဒကာကြီးတို့ရဲ့။
အဲဒီ မဂ္ဂင်ရှစ်ပါးထဲမှာလည်း သမ္မာသတိမဂ္ဂင်ခေါ်တဲ့ သတိပဋ္ဌာန်တရားကသာ ပညာမဂ္ဂင်နှစ်ပါးကိုလည်း မမေ့ရအောင်၊ သီလမဂ္ဂင်သုံးပါးကိုလည်း မမေ့ရအောင် ကြိုးစားအားထုတ်မှု ၀ီရိယလည်း မမေ့ရအောင် သတိကချည်း ဦးဆောင်နေတာ ဖြစ်တယ်၊ သမ္မာသတိမဂ္ဂင်က ဇာတ်လိုက်ပဲ။
သတိပဋ္ဌာန်ဆိုတာ “ သတိ + ပဋ္ဌာန” အဲဒီ ပါဠိပုဒ်က လာတာ (သတိ = အမှတ်ရမှု၊ မမေ့မှု၊ အောက်မေ့မှု တဲ့၊ ပဋ္ဌာန = သတိ၏အာရုံဖြစ်သော “ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ ” အထဲ၌ အမြဲမပြတ်စွဲကပ်၍ တည်နေမှုတဲ့) အဲဒါ သတိပဋ္ဌာန်ပဲ၊ သူယူဖို့ အာရုံကို လေးပါးနဲ့ မြတ်ဘုရား ချထားပေးခဲ့တယ်၊ “ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ ” တဲ့၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ထဲမှ ရှိရှိသမျှ ကမ္မဋ္ဌာန်းတွေဟာ အဲဒီ လေးပါးထဲကို ၀င်ရောက်တာချည်းပဲ။
သန္တတိအမတ်ကြီးတို့ ပဋာစာရီတို့ ဟာလည်း မြတ်စွာဘုရားဟောကြားနေတဲ့ သောကငြိမ်းရာ ပရမတ္ထသစ္စာတွေကိုသိကာ မိဘ မယား လင်သား ဥစ္စာ ငါ သူတပါး ယောက်ျား မိန်းမ ဆိုတဲ့ ပညတ်အသွင် ဒြပ်တွေ ပျောက်လျက် သတိ၏အာရုံထဲက ပေါ်ထွက် ပေါ်ထွက်လာတဲ့ ရုပ်နာမ်သက်သက်အပေါ်၌ မခိုင်မြဲမှု အနိစ္စလက္ခဏာ ဖြစ်ပျက်ကို ရှုမှတ်ပွားများမှု မမေ့ရအောင် ကိုယ်ထဲမှာစိုက်ပြီး ၀ိပဿနာစိတ်နဲ့ ရှုမှတ် ရှုမှတ် နေတော့ကာ ရှေးကဖြစ်ပေါ်ပြီးတဲ့ စိုးရိမ်စရာ ငိုကြွေးစရာ ကိုယ်စိတ်ဆင်းရဲစရာ ဖြစ်တဲ့ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ တို့ကို ပြန်ပြန်ပြီး မစဉ်းစားမိတော့တဲ့အတွက် ရှုမှတ်ဆဲ ၀ိပဿနာစိတ်က ဖြစ်ပေါ်ခိုက် ရုပ်နာမ်တို့ကို မပြတ်ရှုမှတ်နေခြင်းဖြင့် တရားနာနေစဉ်မှာဘဲ သတိပဋ္ဌာန်တရားတို့ကို ပွားများနေတယ်လို့ဆိုတယ်၊ အဲဒီလို သိမှတ်ထားရမည် ဒကာကြီးတို့၊ ဉာဏ်နဲ့ ဆင်ခြင်ပါနော်၊ မယုံမရှိနဲ့။
အဲဒီလို တရားနာရင်းနဲ့ သတိပဋ္ဌာန်တရားကို ပွားများရှုမှတ်ကာ တထိုင်အတွင်းမှာပဲ တရားပွဲလည်းပြီးဆုံးရော သောတာပတ္တိမဂ်ဖိုလ်ကိုလည်း ရရောက် သွားကြရောတဲ့။
အဲဒါကိုရည်စူးပြီး ပိဋကတ်တော်ဝင် အဋ္ဌကထာဆရာများက “တေပိ ဣမိနာ မဂ္ဂေန” လို့ ညွှန်ပြတော်မူကြတယ်၊ တေပိ = ထိုသို့တရားနာရင်း မဂ်ဖိုလ်ရရောက်သွားကြတဲ့ သန္တိအမတ်ကြီးတို့ ပဋာစာရီတို့ဟာလည်း၊ ဣမိနာ မဂ္ဂေန = ဤသတိပဋ္ဌာန်လမ်းကြောင်းဖြင့်သာလျှင် ရရောက်သွားကြကုန်၏ တဲ့၊ ကဲ…ကဲ…အဲဒါဟာ ပိဋကတ်တော်ရဲ့ အမှာအထားပါပဲဗျာ၊ ကျေနပ်ရဲ့လား။
ဒကာ။ ။ ကျေးဇူးတင် ကျေနပ်လှပါတယ် ဆရာတော်၊ ဒကာကြီးလည်း ဘာလုပ်လုပ် သတိအမှတ်နဲ့ သတိပဋ္ဌာန် လက်မလွတ်ရအောင် ကြိုးစားပါမည် ဘုရား။

No comments: