သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, August 8, 2010

သင်္ခါရဟာ အပြုသဘောလား၊ အပြုခံ သဘောလား။ အပြုသင်္ခါရ အလုပ်သမားများ၊ အပြုခံ သင်္ခါရမျိုးများ၊ ၀ိပဿနာသမားက ဘာသင်္ခါရကို မှတ်ရှုရမှာလဲ၊

သင်္ခါရဟာ အပြုသဘောလား၊ အပြုခံ သဘောလား

ဒကာ။ ။ ဓမ္မဆရာတွေ ဟောပြောနေကြတာ ဆရာတချို့ကလည်း သင်္ခါရ ဆိုတာ ပြုလုပ်တတ်တဲ့ အပြုသဘော ဓမ္မတွေသာဖြစ်တယ်တဲ့၊ ဆရာတချို့ကလည်း သင်္ခါရဆိုတာ ဒုက္ခဆင်းရဲတွေအမျိုးမျိုးကို ခံယူနေရတဲ့ အပြုခံရုပ်နာမ်ဓမ္မတွေကို ခေါ်ဆိုတာတဲ့၊ အဲဒီ နှစ်ပါး ဘယ်တရားက မှန်ပါသလဲ ဆရာတော်၊ ရှင်းပြပေးပါဦး ဘုရား။

ဆရာ။ ။ အင်း…နှစ်မျိုးစလုံး မှန်တာချည်းပါပဲ၊ သင်္ခါရက ပြုလုပ်ပေးတတ်တဲ့ သဘောရှိသော ပြုတတ်တဲ့ အပြုသမား သင်္ခါရနဲ့၊ အပြုအလုပ်ခံနေရတဲ့ အပြုခံ သင်္ခါရ လို့ နှစ်မျိုးရှိတယ်။

အပြုသင်္ခါရ အလုပ်သမားများ
၁။ ပြုလုပ်ပေးတတ်တဲ့ လက်သယ်သင်္ခါရမျိုးက သင်္ခါရက္ခန္ဓာခေါ်တဲ့ စေတသိက်ငါးဆယ်ကို ခေါ်ဆိုတာဖြစ်တယ်။
သူတို့က ကာယကံအမျိုးမျိုး၊ ၀စီကံအမျိုးမျိုး၊ မနောကံအမျိုးမျိုးတွေကို ထမြောက်အောင် ပြုလုပ်ပေးတတ်တယ်။
အဲဒီ သင်္ခါရအလုပ်သမား ငါးဆယ်ထဲမှာလည်း စေတနာခေါ်တဲ့ သင်္ခါရဟာ ဦးစီး ခေါင်းဆောင် အခေါင် ဗိုလ်ချုပ်ကြီးပဲ။
သူက ကောင်းတဲ့ ချမ်းသာသောဘ၀နဲ့ မကောင်းတဲ့ ဆင်းရဲသောဘ၀၊ အသစ် အသစ် ဘ၀၊ တွေကိုဖြစ်အောင် လုပ်ပေးနိုင်စွမ်းရှိတယ်၊ လုပ်လည်းလုပ်ပေးတယ်၊ ဒါ့ကြောင့် အဲဒီ “စေတနာ” ကိုပဲ “ကံ” လို့ ခေါ်တယ်။
ယင်းကံကလည်း နှစ်မျိုးရှိတယ်၊ ကုသိုလ်ကံနဲ့ အကုသိုလ်ကံတဲ့၊ ၀ိပါက်ခေါ်တဲ့ ကောင်းကျိုး ဆိုးကျိုး မှန်သမျှကို သူတို့ကပြုလုပ်ပေးတာချည်းပဲ။
အဲဒါကြောင့် သင်္ခါရက္ခန္ဓာ ခေါ်တဲ့ စေတသိက် ငါးဆယ်ကို ပြုလုပ်တတ်တဲ့ (အလုပ်သမား) သင်္ခါရလို့ တိုက်ရိုက်နည်းနဲ့ မှတ်ယူရမည်။
ဒကာ။ ။ စေတနာဦးစီးတဲ့ သင်္ခါရငါးဆယ်ကို တိုက်ရိုက်ယူရမည်ဆိုတော့ သွယ်ဝိုက်တဲ့နည်းနဲ့ ပြုတတ်တဲ့ “သင်္ခါရများ” ရှိပါသေးသလား ဆရာတော်၊ လျှာရှည်တာ မဟုတ်ပါဘူး ဘုရား။
ဆရာ။ ။ အင်း….ခုလက်ရှိ ပ၀တ္တိဘ၀ရဲ့ ကျန်းမာရေး စတဲ့ အပြုသဘော သင်္ခါရအချို့လည်း ရှိသေးတယ်၊ သူတို့ကတော့ (စိတ်၊ ဥတု၊ အာဟာရ) အဲ့ဒီ သုံးပါးပဲ၊ သူတို့ကလည်း သတ္တလောကကြီးကို အခါအခွင့်သင့်သလို ကောင်းအောင် ဆိုးအောင် ပြုလုပ်ပေးတတ်သေးတယ်လို့ မှတ်ပေါ့၊ နေရာတကာ ကံ-စေတနာ ကိုချည်း လိုက်ချ မနေရဘူး၊ ဉာဏ်နဲ့ ၀ီရိယကိုလည်း လက်စွဲပြုရသေးတယ်၊ ကံယုံပြီး ဆူးပုံမနင်းနဲ့ တဲ့ ဒါပဲ။
ဒကာ။ ။ မှန်ပါ့၊ ရိပ်စားမိပါပြီ ဆရာတော်၊ အပြုခံ သင်္ခါရကို ရှင်းပြပေးပါဦး ဘုရား။

အပြုခံ သင်္ခါရမျိုးများ

၂။ အပြုခံ သင်္ခါရ ဆိုတာကတော့ အနိစ္စ ဒုက္ခ အနတ္တ သဘောဖြစ်တဲ့ ကံ စိတ် ဥတု အာဟာရ အဲဒီ အကြောင်းတရားကြီး လေးပါးတို့ကြောင့် ဖြစ်ပေါ်လာသမျှ ရုပ်နာမ်တရားတွေကို ခေါ်ဆိုတာပဲ။
အဲဒီ သင်္ခါရခေါ်တဲ့ ရုပ်နာမ်ဓမ္မတွေဟာ သူတို့နဲ့ ဆိုင်ရာဆိုင်ရာ ကံတို့ စိတ်တို့ ဥတုတို့ အာဟာရတို့က ပြုပြင်စီရင်ပေးသမျှကို ခံယူနေရလို့ သူတို့ကို အပြုခံ သင်္ခါရ လို့ ခေါ်တယ်၊ ကဲ…ကျေနပ်ရဲ့လား။

ဝိပဿနာသမားက ဘာသင်္ခါရကို မှတ်ရှုရမှာလဲ

ဒကာ။ ။ ၀ိပဿနာတရားကို ပွားများရှုမှတ်ရမည့် ပုဂ္ဂိုလ် ယောဂီ က ၀ိပဿနာတရားပွားများရှုမှတ်တဲ့အခါ အပြုခံ သင်္ခါရကို ရှုမှတ်ရမှာလား၊ ပြုတတ်တဲ့ သင်္ခါရကို ရှုမှတ်ရမှာလား၊ တပည့်တော်တို့ လွယ်လွယ်နဲ့ မှတ်သားရအောင် အကျဉ်းကလေးမျှ သာဓကထုတ်ပြီး ရှင်းပြပေးပါဦး ဆရာတော်။
ဆရာ။ ။ ၀ိပဿနာတရား ပွားများရှုမှတ်တဲ့အခါမျိုးမှာတော့ ယောဂီ ပုဂ္ဂိုလ် သတ္တ၀ါရယ်လို့ သီးခြားရှုမှတ်သူ မရှိပါဘူး၊ ပြုလုပ်တတ်တဲ့ သင်္ခါရတွေ အပြုခံ သင်္ခါရတွေရယ်လို့ မှတ်သားခွဲခြားနေစရာလည်း မလိုပါဘူး၊ ယင်း သင်္ခါရတို့ရဲ့ အနိစ္စလက္ခဏာကိုသာ ငါ ငါ့ဟာ ဆိုတဲ့ ဒိဋ္ဌိစွဲ မပါဘဲနဲ့ မိအောင် သတိကောင်းကောင်းနဲ့ ရှုမှတ်ပွားများနေရမှာဖြစ်တယ်၊ အထောက်အထားသာဓက ကတော့…
သင်္ခါရာဝ သင်္ခါရေ ၀ိပဿန္တိ သမသန္တိ
၀၀တ္ထပေန္တိ ပရိဂ္ဂဏှန္တိ ပရိစ္ဆိန္ဒန္တိ ။
သင်္ခါရာဝ၊ ပြဆိုခဲ့တဲ့ သင်္ခါရတရားတို့ကသာလျှင်။ သင်္ခါရေ၊ သင်္ခါရတရားစုတို့ကို။ ၀ိပဿန္တိ၊ ဒါက ရုပ်တရားစု ဖြစ်ပျက်၊ ဒါက နာမ်တရားစု ဖြစ်ပျက်ဟု မှတ်ရှု မှတ်ရှုကာ သိ သိ နေ၏။ သမသန္တိ၊ သုံးသပ် သုံးသပ်ကာ နေ၏။ ၀၀တ္ထပေန္တိ၊ ခွဲခြားသတ်မှတ်ကာနေ၏။ ပရိဂ္ဂဏှန္တိ၊ ကြောင်းကျိုး နှစ်ပါးကို ပိုင်းခြား သိမ်းဆည်းကာနေ၏။ ပရိစ္ဆိန္ဒန္တိ ၊ ဤသည်ကား ရုပ်ဖြစ်ပျက်၊ ဤသည်ကား နာမ်ဖြစ်ပျက်ဟု ပိုင်းခြားပိုင်းခြားကာ ငါမပါပဲ စိတ္တ၀ိသုဒ္ဓိ၊ ဒိဋ္ဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏ၀ိသုဒ္ဓိ တို့ဖြင့် သန့်ရှင်းစွာ စွဲယူနေတော့၏ တဲ့။
အဲဒါ ၀ိသုဒ္ဓိမဂ်၊ ပဋိသမ္ဘိဒါမဂ်တို့က လာတဲ့ တရားအားထုတ် ပွားများရှုမှတ်သူ ယောဂီမရှိ၊ ပုဂ္ဂိုလ် သတ္တ၀ါ မရှိ၊ ငါ မရှိ၊ သူ မရှိ၊ သင်္ခါရကသာ သင်္ခါရကို ရှုမှတ်နေတာဖြစ်၏ ဟူသော ညွှန်ကြားချက်တွေ ပါပဲ၊ ကဲ…ဘာမေးဦးမလဲ၊ ယောဂီမရှိ၊ ပုဂ္ဂိုလ် သတ္တ၀ါ မရှိ၊ သင်္ခါရက သင်္ခါရကို ရှုမှတ်နေ၏ တဲ့။
ဒကာ။ ။ ပြည့်စုံလုံလောက်တဲ့ အဖြေစကားတွေ ကြားသိရလို့ မေးစရာ မရှိတော့ပါဘူး ဆရာတော်၊ ငါမှတ်၊ ငါသိ ဖြုတ်ဖို့က ခက်လှတယ် ဘုရား။

No comments: