သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, August 13, 2010

အကုသိုလ်တွေ ရှောင်ကြဉ်နေရင် သီလနဲ့ ပြည့်စုံတာပဲ မဟုတ်လား

အကုသိုလ်တွေ ရှောင်ကြဉ်နေရင် သီလနဲ့ ပြည့်စုံတာပဲ မဟုတ်လား
ဒကာ။ ။ မကောင်းတဲ့ အပြစ်ရှိတဲ့ အကုသိုလ်တရားတွေ ရှောင်ကြဉ်ကာနေရင် သီလနဲ့ပြည့်စုံတာပဲမဟုတ်လား ဆရာတော်၊ သီလခံယူ ဆောက်တည်နေစရာများ လိုသေးသလား ဘုရား။

ဆရာ။ ။ အင်း….အကုသလဓမ္မ ရှောင်ကြဉ်ရမှာနဲ့ သီလခံယူဆောက်တည်မှု၊ သည်နှစ်ခုကတော့ ဘုရားရှင်ရဲ့ အလိုတော်ကျပါပဲ၊ ဒါပေမဲ့ အကုသိုလ် ရှောင်ကြဉ်ရုံကလေးနဲ့တော့ သီလအကုန် ပြည့်စုံနေပြီလို့ မဆိုနိုင်သေးဘူး၊ ဒကာကြီးတို့ ဆောက်တည်တယ် ဆိုတာက လောကီသီလ လောက်ပဲဟာ။
ဒကာ။ ။ သီလဆိုတာ လူများအတွက် ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး၊ သီလ ဆိုတာတွေပဲ မဟုတ်လား၊ ဒါတွေဟာ အကုသိုလ်ကို မလုပ်အောင် တားမြစ်တဲ့ သိက္ခာပုဒ်တွေပဲဟာ၊ သီလအကုန် မပြည့်စုံသေးဘူးဆိုတာက ဘယ်သီလမျိုး ကျန်ရှိနေသေးလို့ပါလဲ ဆရာတော်။
ဆရာ။ ။ ဒီ ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး၊ သီလ တွေက လောကသားတို့ စောင့်ထိန်းထားရမည့် လောကီသီလတွေသာ ဖြစ်တယ်၊ အရိယာမဂ် သီလဆိုတာ ကျန်သေးတယ်၊ အဲဒီ အရိယာမဂ် သီလက အကုသိုလ် ရှောင်ကြဉ်ရုံကလေးနဲ့ ရနိုင် ပြည့်စုံနိုင်တာ မဟုတ်ဘူး။
ဒကာ။ ။ ဒီလိုဆိုရင် အရိယာမဂ်သီလနဲ့ ပြည့်စုံအောင် ပြုလုပ်ထုံး နည်းနယကို ဒကာကြီးတို့ နားလည်ရုံမျှ ပြောပြပါဦး ဆရာတော်။
ဆရာ။ ။ အင်း…အရိယာမဂ်နဲ့ ပြည့်စုံဖို့ကတော့ ဝိပဿနာဉာဏ်ရဲ့ အခြေခံဉာဏ်ဖြစ်တဲ့ နာမရူပ ပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယာပရိဂ္ဂဟဉာဏ် နှစ်ပါးကို သိအောင် သင်ကြားပြီးတော့ ငါ ငါ့ဟာ မဟုတ်တဲ့ အဲဒီ ရုပ်နာမ်တို့ရဲ့ မခိုင်မြဲမှု အနိစ္စလက္ခဏာကို ကိုယ်ကာယအတွင်းမှာ ပေါ်သမျှလိုက်ပြီး ရှုမှတ် ပွားများရတဲ့ ဝိပဿနာအလုပ်တရားပဲ ဖြစ်တယ်။ အဲဒီလို ဖြစ်ပျက် ဥဒယ ဝယ ဉာဏ်တွေ ရင့်သန်လာတော့ကာ ဉာဏ်စဉ်တွေ တက်တက်ပြီး အနုလောမဉာဏ် က မဂ်ဉာဏ် ဖိုလ်ဉာဏ် ရောက်အောင် ပေါင်းကူးပေးလိုက်လို့ အရိယာမဂ်ရောက်မှ ပြည့်စုံတယ်လို့ ဆိုရတယ်၊ ဒါ့ကြောင့် ဝိပဿနာတရားမပွားများဘဲ အကုသိုလ် ရှောင်ရှားရုံကလေးနဲ့တော့ သီလနဲ့ မပြည့်စုံသေးဘူးလို့ ဆိုတာပဲ၊ ကဲ….ရှင်းရဲ့လား အရိယာပုဂ္ဂိုလ်ဖြစ်အောင် လုပ်ထားရမှာ။
ဒကာ။ ။ မှန်ပါ့၊ ဝိပဿနာအလုပ်သဘော မပါတဲ့ အသိကလေးနဲ့သာ ရှောင်ရှားနေတဲ့ သီလတရားမျိုးမို့ ဆိုတာသိပါပြီ ဆရာတော်၊ ကျေးဇူးတင်ပါတယ် ဘုရား၊ အရိယာမဂ္ဂသီလအပိုင်းထဲရောက်မှ ခိုင်မြဲတော့မှာကိုး။

No comments: