သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, August 13, 2010

သောတာပန်မှာ ငါ့လင် ငါ့သား ဒိဋ္ဌိစွဲ ရှိလို့လား

သောတာပန်မှာ ငါ့လင် ငါ့သား ဒိဋ္ဌိစွဲ ရှိလို့လား

ဒကာ။ ။ သောတာပတ္တိမဂ်က ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်တယ်ဆိုတာ ဘယ်ဒိဋ္ဌိကို ပယ်တာလဲ ဆရာတော်။
သောတာပန်တွေဟာ လင်ယူ သားမွေး ရောင်းဝယ်ရေးကိစ္စတွေ လုပ်နေသေးတယ်၊ သား မြေး လင် သေတော့လည်း ငိုကြွေးသေးတယ် ဆိုတော့ကာ ဒိဋ္ဌိစွဲ မကုန်သေးလို့သာ ဖြစ်ရမှာပေါ့၊ ရှင်းပြပါဦးဆရာတော်၊ လွယ်လွယ်နဲ့ သိနိုင်အောင်ပေါ့ ဘုရား။

ဆရာ။ ။ အင်း….ဒကာကြီးတို့ မေးခွန်းက လွယ်လွယ်နဲ့ မပြီးနိုင်တဲ့ အဖြေမျိုးပဲ၊ ဉာဏ်နားရှိသူများမှ နားလည်မှာဖြစ်တယ်၊ ဉာဏ်နားနဲ့ စိတ်ဝင်စားပြီးတော့ မှတ်သားပါ။
သောတာပန်မှာ နိစ္စစွဲနဲ့ အတ္တစွဲ ဒိဋ္ဌိတွေ မရှိဘူးဆိုပေမဲ့ တထစ်ချ ဧကန္တ မမှတ်ရဘူး၊ လုံးဝမရှိတဲ့ နိစ္စနဲ့ အတ္တစွဲ ဒိဋ္ဌိကတော့ ဝိပ္ပလ္လာသတရား သုံးပါးထဲက….
သောတာပန် ပုဂ္ဂိုလ်၌ နိစ္စ - ခိုင်မြဲတဲ့ အတ္တကောင် ငါကောင် ရှိတယ်လို့ ယူစွဲထားတဲ့ ဒိဋ္ဌိဝိပ္ပလ္လာသကိုတော့ အကြွင်းမရှိဘဲ သောတာပတ္တိမဂ်က ပယ်သတ်လိုက်တယ်၊ လုံးဝ မရှိတော့ဘူးပေါ့။
အဲဒီ……သောတာပတ္တိမဂ် ပယ်သတ်ပုံထူးတာက ခန္ဓာငါးပါးအပေါ်၌ စွဲယူတဲ့ သက္ကာယဒိဋ္ဌိ နှစ်ဆယ်ကို ခန္ဓာတပါးစီသာ ပယ်သတ်နိုင်တာ၊ ရူပက္ခန္ဓာတပါး အပေါ်၌ ထင်ရှားအောင်ပြရရင်…
၁။ ရူပက္ခန္ဓာသည် ငါ။
၂။ ငါသည် ရူပက္ခန္ဓာ။
၃။ ရူပက္ခန္ဓာ၌ ငါရှိသည်။
၎။ ငါ၌ ရူပက္ခန္ဓာ ရှိသည်။
ဆိုတဲ့ (ရူပံ အတ္တတော သမနုပဿတိ) စသည်ဖြင့် ရုပ်အပေါ်၌ အတ္တကောင်ရှိတယ် ခိုင်မြဲတယ် ဟူသော ဒိဋ္ဌိမျိုးလုံးဝ မရှိတဲ့ သက္ကာယဒိဋ္ဌိစွဲကို ပယ်သတ်တယ်လို့ မှတ်ယူရမည်တဲ့။
ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ၀ိညာဏက္ခန္ဓာတို့ အပေါ်မှာလည်း အဲသည်လိုဘဲ တပါးစီ တပါးစီ သက္ကာယဒိဋ္ဌိတွေကို ပယ်သတ်သွားတယ်လို့ မှတ်ယူရမည်တဲ့။
သောတာပန်ဟာ အဲဒီအတိုင်း ခန္ဓာငါးပါးအပေါ်မှာ သက္ကာယဒိဋ္ဌိအစွဲ နှစ်ဆယ်ကိုသာ ပယ်ဖြတ်သုတ်သင် ရှင်းလင်းနိုင်သေးတာလို့ မှတ်ယူရမည်တဲ့။
အိမ်ထောင်သားမွေးရောင်းဝယ်ရေးနဲ့ ငိုကြွေးမှု စသည်တွေ ရှိနေသေးတာကတော့ သညာဝိပ္ပလ္လာသနဲ့ စိတ္တဝိပ္ပလ္လာသတို့က ၀င်ဝင် စွက်နေလို့ဟု မှတ်ရမည်တဲ့။
ခန္ဓာတပါးစီ အပေါ်မှာ သူကောင် ငါကောင် အတ္တစွဲ ငါစွဲ ကင်းနေသော်လည်း ခန္ဓာငါးပါးလုံးကို ပေါင်းရုံးစွဲမှီပြီး ခေါ်ဆိုသမုတ်နေတဲ့ တကိုယ်လုံး တကောင်လုံးကိုပင် ယောက်ျား မိန်းမ ငါ့လင် ငါ့သား ငါ့ဥစ္စာ ငါ့ဟာ ဟု သိမှု စိတ္တဝိပ္ပလ္လာသနဲ့ မှတ်မှု သညာဝိပ္ပလ္လာသတို့က ရှိနေသေးသောကြောင့် လင်ယူ သားမွေးတွေ လုပ်နေကြသေးတယ်လို့သာ မှတ်ယူရမည်။
ဒါပေမဲ့ ပုထုဇဉ်တုန်းကလိုတော့ အစွဲအမြဲ သဲသဲမဲမဲ စုံရေ မျက်ပြဲကြီး မဟုတ်တော့ဘူး၊ အမှတ်မဲ့နေတဲ့အခါမှာသာ စိတ္တဝိပ္ပလ္လာသနဲ့ သညာဝိပ္ပလ္လာသ နှစ်ပါးက ၀င်နေတာ၊ ၀င်နိုင်တာပါတဲ့။
ယောနိသော မနသိကာရနဲ့ ဆင်ခြင်စဉ်းစားမိတဲ့အခါမျိုးနဲ့ ၀ိပဿနာတရားပွားများ ရှုမှတ်နေတဲ့ အခါမျိုးကျတော့ ဒီ သညာအမှတ်မှားတို့ စိတ္တအသိမှားတို့ဟာ လုံးဝ ၀င်မလာတော့ဘူးတဲ့။
ကဲ….ဒကာကြီးတို့ စဉ်းစားကြည့်စမ်း၊ သောတာပန်မှာ ရှုမှတ်ဆင်ခြင်မှု မရှိဘဲနဲ့ မြင် ကြား စသည့် အာရုံတို့ ပေါ်တိုင်း အနိစ္စဓမ္မတွေဘဲလို့ အမြဲထင်မှတ်သိရှိနေရင် ရဟန္တာနဲ့ ဘာထူးသေးသလဲ၊ အာသဝ တရားလေးပါး ကုန်ခန်းရာ ရောက်သွားမှာပေါ့၊ ကဲ…ရှင်းရဲ့လား။
ဒကာ။ ။ ဝိပ္ပလ္လာသ တရား သုံးပါးတို့တွင် သောတာပန်ပုဂ္ဂိုလ်က သညာဝိပ္ပလ္လာသနဲ့ စိတ္တဝိပ္ပလ္လာသ နှစ်ပါးကျန်ရှိနေသေးတယ်ဆိုတာ သိရလို့ ရှင်းလင်းသွားပါပြီ ဆရာတော်၊ သောတာပန် ပယ်တဲ့ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ဆိုရာမှာ သောတာပတ္တိမဂ်က ဒိဋ္ဌိဝိပ္ပလ္လာသ ဖြစ်တဲ့ သက္ကာယဒိဋ္ဌိနှစ်ဆယ်ကိုသာ လုံးဝ ပယ်ဖြတ်လိုက်တယ် ဆိုတာလည်း ခုမှပဲ ရှင်းတော့တယ် ဆရာတော်၊ ကျေးဇူးတင် ၀မ်းသာလှပါတယ် ဘုရား။

No comments: