သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, August 18, 2010

ရုပ်တရားများကို ပထဝီရုပ်စသည် မခွဲခြားဘဲ တပေါင်းတည်းစုကာ ဝိပဿနာရှုလို့ ရသလား

ရုပ်တရားများကို ပထဝီရုပ်စသည် မခွဲခြားဘဲ တပေါင်းတည်းစုကာ ဝိပဿနာရှုလို့ ရသလား
ဒကာ။ ။ ဝိပဿနာတရားပွားများတဲ့အခါ ရုပ်ဓာတ်တွေကို တခုစီခွဲခြားမရှုပွားဘဲ တပေါင်းတည်း ရှုမှတ်သွားလို့ကော မရဘူးလားဆရာတော်၊ ပထဝီရုပ်တွေ တေဇောရုပ်တွေနဲ့ ရှုမှတ်ရတာ ရှုပ်လှလို့ပါ၊ ရုပ်ဟူသမျှ တပေါင်းတည်း ရှုမှတ်ပွားများနည်း ဘုရားဟောရှိရင် သိပါရစေဆရာတော်။

ဆရာ။ ။ အင်း….ဝိပဿနာ ရှုတယ်ဆိုတာ ဖြစ်ပေါ်လာသမျှ ပျက်စီးရခြင်း အနိစ္စမှတ်ချက်ကို ထက်မြက်တဲ့ ဉာဏ်နဲ့ အမှန်မြင်အောင် ရှုမှတ်ဆင်ခြင်ရတာမျိုးပဲ။
အဘိဓမ္မာ ဒေသနာအရ ရုပ်တွေကို တပါးစီ ရေတွက်ခွဲခြမ်းပြီး (ပထဝီ ဓာတုံ ခေါ ရာဟုလ) ပထဝီဓာတ်ကို ဤသို့ ခက်မာသော သဘောဟု ရှုမှတ်သိ စသည်ဖြင့် ဟောကြားတာကတော့ ပုဂ္ဂိုလ်ရဲ့ ပညိနြေ္ဒအရ ကြည့်ပြီးတော့ ဟောသွားတာပါလေ။
ရူပကာယ ရုပ်ကိုယ်အနေနဲ့ တပေါင်းတည်း ရှုမှတ်ပွားများရန် ဟောကြားထားတဲ့ ဒေသနာတော်များလည်း ရှိပါတယ်၊ တပေါင်းတည်း ရှုမှတ်ပွားများလို့လည်း ရပါတယ်။
ဒကာ။ ။ တပေါင်းတည်း ရှုမှတ်ပွားများပုံ နည်းနယလေးကိုလည်း ပြောပြပေးပါဦး ဆရာတော်၊ ဒကာကြီးတို့ နားလည်အောင် လွယ်လွယ်နဲ့ တိုတိုပေါ့ဘုရား။
ဆရာ။ ။ အင်း…လွယ်ပါတယ်၊ ဒကာကြီးတို့ရဲ့ ရူပကာယ တကိုယ်လုံး တကောင်လုံးရဲ့ ကိုယ်အတွင်း၌ ငါမပါတဲ့ ရုပ်သဘောသက်သက်ကို သညာနဲ့ မှတ်ကာ စိတ်နဲ့ ရှုသိကြည့်လိုက်ပါ။
ရုပ်ရဲ့ သဘောတွေ ပေါ်လာတာ သိလိမ့်မည်၊ ညောင်းတယ်၊ ထုံတယ်၊ ကျင်တယ်၊ ကိုက်တယ်၊ ပူတယ်၊ အေးတယ် စသည်ဖြင့် ပေါ်ပေါ်လာသမျှ ပျက်ပျက်သွားတာတွေဟာ ရုပ်ရဲ့ မမြဲတဲ့သဘော အနိစ္စအမှန်တွေပေါ့၊ အဲဒီလို အမှန်တရားနဲ့ ရှုမှတ်ပွားများနေခြင်းဟာ ရုပ်တရားတွေရှိသမျှ စုပေါင်းပြီးတော့ ရုပ်တရားတခုတည်း ရှုမှတ်နေတယ်လို့ပဲ ခေါ်တာပေါ့။
ဒကာ။ ။ ဒါက ဘယ်သုတ်မှာ ဘုရားဟောပါသလဲ ဆရာတော်၊ ဒကာကြီးတို့ ကြားဖူးတာကတော့ ရုပ်တွေကို ခွဲခွဲပြီး ပထဝီဓာတ်မှတ်၊ တေဇောရုပ်မှတ်နဲ့ ကြားနာဖူးတာပဲ။
ဆရာ။ ။ အင်း….အဲဒီ ရူပကာယ ကိုယ်ရုပ်အပေါင်းကို ရှုမှတ်တဲ့နည်းကိုတော့ ရှင်သာရိပုတ္တရာရဲ့တူဖြစ်သော အဂ္ဂိဝေဿနအနွယ် ရှိတဲ့ ဒီဃနခပရိဗိုဇ်ကို မြတ်စွာဘုရား ဟောကြားတော်မူတဲ့ ဒီဃနခ သုတ္တန်မှာ ပါတယ်၊ မယုံရင်လည်း ကြည့်ကြပေါ့လေ။
ဒကာ။ ။ ယုံကြည်လေးစားပါတယ်ဘုရား၊ သူတပါးကမေးရင် အကိုးအကားနဲ့ ဖြေကြားရအောင်လို့သာ သုတ်ရင်းကို မေးလျှောက်တာပါ။
ဆရာ။ ။ ဒီက ဖြေတာက ဒကာကြီးတို့ အားထုတ်ပွားများ ရှုမှတ်တတ်ဖို့ ဖြေကြားပေးနေတာ၊ ကိုယ်ရေးကိုယ်တာအတွက် အရင်လုပ်ထားရမှာဖြစ်တယ်၊ ဝိပဿနာတရား မပွားများ မရှုမှတ်ရသေးတဲ့သူဟာ ဘုရားကို တွေ့မြင်သူ မဟုတ်ဘူးတဲ့၊ ဘုရားသာသနာအတွင်းသား မဟုတ်ဘူးတဲ့၊ သာသနာပမှာဖြစ်တဲ့ လူသားနဲ့အတူတူပဲတဲ့၊ ဝိပဿနာဟာ ဘုရားသာသနာ အတွင်းမှာသာ ရှိတာ ပေါ်တာမို့ ဝိပဿနာအလုပ်ကို အားထုတ်ဖို့ ကောင်းတယ်နော်၊ ဒါပဲ။
ဒကာ။ ။ မှန်ပါ့၊ မိန့်ကြားတဲ့အတိုင်း ကိုယ်တိုင်လည်း ရုပ်တရားတွေရဲ့ မခိုင်မြဲမှု အနိစ္စလက္ခဏာ ဥဒယဝယဉာဏ် ကြိုးစားမှတ်သား ပွားများပါမယ် ဆရာတော်၊ ခုလို သတိပေး မိန့်ကြားတာ ကျေးဇူးအထူးပဲ တင်ပါတယ် ဆရာတော်။

No comments: