ခဏိက သမာဓိ ဆိုတာ ရှိကောင်းသလော
ဒကာ။ ။ ၀ိပဿနာလုပ်ငန်း၌ အာရုံတို့ ပေါ်ခန်း ပျက်ခန်းကို သမ္မာသမာဓိ မဂ္ဂင်လမ်းဖြင့် မနားတမ်းလိုက်မှတ် ရှုပွားနေရတဲ့သူဟာ လျင်မြန်လှတဲ့ ဖြစ်ခဏ ပျက်ခဏထဲမှာ တည်တံ့ငြိမ်ဝပ်မှုဖြစ်တဲ့ ခဏိက သမာဓိရယ်လို့ ရှိနိုင်ဦးမှာလား ဘုရား၊ ပိဋကတ်တော်ထဲက အထောက်အထားများရှိရင် ရှင်းလင်းဖော်ပြပေးပါ ဆရာတော်။
ဆရာ။ ။ ၀ိပဿနာအလုပ်ဆိုတာ သမထ အခြေခံယူပြီးမှ ၀ိပဿနာဘက်တက်တဲ့ သမထယာနိက ၀ိပဿနာလမ်းရယ်၊ စ ထွက်ကတည်းက ၀ိပဿနာ သက်သက် တက်သွားတဲ့ သုဒ္ဓယာနိက ၀ိပဿနာလမ်းရယ်၊ နှစ်မျိုးရှိတယ်။
သမထမဖက်ဘဲ ၀ိပဿနာချည်းသက်သက်သန့်သန့် ရှုမှတ်ပွားများမည့် သုဒ္ဓယာနိက ၀ိပဿနာယောဂီဟာ ခန္ဓာငါးပါးကိုဖြစ်စေ၊ သို့မဟုတ် အာယာတန တဆယ့်နှစ်ပါး၊ ဓာတ် တဆယ့်ရှစ်ပါး၊ ရုပ်နာမ်နှစ်ပါး ရှုပွားစရာ အာရုံထဲက ကြိုက်ရာရာကို ဒုက္ခသစ္စာဉာဏ်သွင်းပြီးတော့ ဖြစ်ပျက်ကိုပဲ ရှုမှတ်နေရမှာ ဖြစ်တယ်၊ စိတ်ဝင်စား နားထောင်ပါနော်။
အဲဒီ မှတ်စိတ်တွေဟာ လျင်မြန်သော အရှိန်အဟုန်ဖြင့် တန်းစီကာ သိပျက် သိပျက်နဲ့ သွားနေပေမဲ့ မှတ်စိတ်တချက် ဖြစ်လိုက်ရင် ဧကဂ္ဂတာ စေတသိက် တချက် ပါသွားတာဘဲ၊ ရုပ်နာမ်ဖြစ်ပျက်၌ မှတ်စိတ်ဖြစ်တိုင်းဖြစ်တိုင်း တည်ငြိမ်မှု ဧကဂ္ဂတာ က ပါတာချည်းပဲ။
ခု ပြောခဲ့တဲ့ ၀ိပဿနာမှတ်စိတ် တချက်ကို တခဏလို့ ခေါ်တယ်၊ အဲဒါကြောင့် ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ ဆရာက ၀ိပဿနာ ခဏိကသမာဓိကို ဟောသည်လိုဆိုတယ်။
ခဏိက စိတ္တေ ကဂ္ဂတာ- တဲ့၊ မှတ်စိတ်ခဏ တခုထဲ၌ တည်ငြိမ်မှု သမာဓိ တခု ပါတယ်လို့ ဖွင့်ဆိုထားတယ်၊ အကျယ်ကိုသိချင်ရင် ၀ိသုဒ္ဓိမဂ် အဋ္ဌကထာမှာ ရှာကြည့်။
အဲဒီ အဋ္ဌကထာရဲ့စကားကို ပိုမိုခိုင်လုံ ထင်ရှားအောင် ၀ိသုဒ္ဓိမဂ် ဋီကာဆရာကြီးက ဟောသည်လို ထပ်ဆင့် ထောက်ခံထားပုံက-
ခဏ မတ္တ ဌိတိကော သမာဓိ-တဲ့၊ စိတ်တခဏထဲ၌ ခဏလေးမျှ ဖြစ်ပေါ်တည်ငြိမ်သွားတဲ့ သမာဓိပဲလို့ ထပ်ဖွင့်ပြဆို ထောက်ခံထားသေးတယ်။
အဲဒါတွေဟာ ပိဋကတ်တော်က လာတဲ့ ခဏိကသမာဓိဖြစ်ပုံ အထောက်အထား ယုံကြည်စရာ သာဓကတွေပဲ၊ ကဲ….ဘာပြောချင်သေးလဲ။
ဒကာ။ ။ သမာဓိတည်ငြိမ်မှုဆိုတာ တခုတည်းသော အာရုံထဲ၌ အသိစိတ် တည်ငြိမ်နေတာလို့၊ (ပုံပမာ၊ အရိုးစုကမ္မဋ္ဌာန်း ရှုမှတ်တဲ့ ယောဂီဟာ မြင်မြင်သမျှ အာရုံတွေကို အရိုးစုအဖြစ်ဖြင့်သာ မှတ်ထင်နေတယ်၊ ယင်းရဲ့စိတ်ဟာ အရိုးစု အာရုံတခုတည်းအပေါ်၌သာ တည်ငြိမ်နေတဲ့ သမာဓိပဲလို့) သိထားကြလို့ပါ ဆရာတော်။
ဆရာ။ ။ အင်း၊ ဒကာကြီး သိထားတဲ့ တည်ငြိမ်မှု သမာဓိက သမထကမ္မဋ္ဌာန်း ပညတ်အာရုံ အရိုးစုထဲ စွဲမှတ်နေတဲ့ ဥပစာရသမာဓိ၊ သို့မဟုတ် အပ္ပနာသမာဓိမျိုးသာ ဖြစ်တာ၊ အဲဒီ သမာဓိ တည်ငြိမ်ခြင်းမျိုးက အဆုံးဈာန်ရ ဗြဟ္မာ့ပြည်လားပြီး သင်္ချိုင်းကုန်း သွားတဲ့ သမာဓိမျိုးမို့ ဘာမှ တန်ဖိုးမရှိဘူး ဒကာကြီးတို့ရ။
ဝိပဿနာ ခဏိက သမာဓိမျိုးက ပရမတ်အာရုံ ရုပ်နာမ်တို့ရဲ့ မခိုင်မမြဲ ဆင်းရဲသက်သက် ဖြစ်ပျက် ဖြစ်ပျက် နေကြတဲ့ ပရမတ္ထသစ္စာ အမှန်ရှိတဲ့ ရုပ်နာမ်ဓမ္မတို့၊ သို့မဟုတ် ခန္ဓာ အာယတန ဓာတ်တို့ ဖြစ်ပျက်နေတဲ့ အနိစ္စလက္ခဏ ဥဒယ ၀ယ သဘောမှန်ကိုသာ ၀ိပဿနာဉာဏ်စိတ်နဲ့ လိုက် လိုက်ပြီးသိနေတာ မှတ်နေတာဖြစ်တယ်။
အဲဒီလို အရိုးစု အပုပ်ကောင် ငါ သူတပါး ယောက်ျား မိန်းမ သတ္တ၀ါ မပါတဲ့ ရုပ်နာမ်သက်သက် စိတ္တ၀ိသုဒ္ဓိနဲ့ ငါဆိုတဲ့ အတ္တဒိဋ္ဌိလည်းမပါ သန့်ရှင်းစင်ကြယ်စွာ ရှုမှတ်နေတဲ့ ၀ိပဿနာကုသိုလ်စိတ်တွေဟာ ဖြစ်ပေါ်တဲ့ ခဏတိုင်း ခဏတိုင်းမှာ ဖြစ်ပျက် ဥဒယ၀ယဉာဏ်ထဲမှာချည်း စွဲဝင်တည်ငြိမ်နေလို့ အဲဒီတချက်ချင်း တည်ငြိမ်သွားတဲ့ ဧကဂ္ဂတာသမာဓိကို ၀ိပဿနာခဏိကသမာဓိလို့ ခေါ်ဆိုတာဖြစ်တယ်၊ ရှင်းရဲ့လား၊ ဒါလောက်သိထားရင် ၀ိပဿနာတရား ပွားများတတ်ရောပေါ့။
ဒကာ။ ။ ရှင်းပါပြီ ဆရာတော်၊ အရှုခံ အာရုံက ပညတ်အာရုံနဲ့ ပရမတ်အာရုံ ကွာခြားသွားတာကို ခုမှပဲ ကွဲပြားတော့တယ်၊ ၀ိပဿနာအလုပ်က ပရမတ်အာရုံ ရုပ်နာမ်တို့ဖြစ်ပျက်ကို တချက်ချင်း ရှုမှတ်ရတဲ့ စိတ်တချက် ခဏမှာ ရှိတဲ့ ခဏိက သမာဓိကို ခေါ်ဆိုတာ ခုမှပဲ ကွဲတော့တယ်၊ သည်အတိုင်းပဲ ရှုမှတ်ပွားများ အားထုတ်ပါမည် ဆရာတော်။
သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး
သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး
+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။
အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ
No comments:
Post a Comment