သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, January 17, 2011

သယမ္ဘူဉာဏ် ဆိုတာ ဘယ်ဟာမျိုးလဲ၊ သဗ္ဗညုတဉာဏ်လား


သယမ္ဘူဉာဏ် ဆိုတာ ဘယ်ဟာမျိုးလဲ၊ သဗ္ဗညုတဉာဏ်လား

          ဒကာ။           ဆရာမကူ သယမ္ဘူဉာဏ်မြတ်ဖြင့် တတ်တတ်ထင်ထင် ကိုယ်တော်တိုင် သိမြင်တော်မူသော ဆိုတဲ့ နေရာမှာ ဘယ်ဟာတွေကို ဘယ်လို သိမြင်တာကို ခေါ်ဆိုပါသလဲ ဆရာတော်၊ သဗ္ဗညုတဉာဏ်မျိုးလား။
          ဆရာ။           ။ သယမ္ဘူဉာဏ်ဆိုတာ ဘုရားအလောင်းတော်များ ဘုရားဖြစ်လိမ့်မည်ဟု ဗျာဒိတ်တော်ခံယူ ရရှိပြီးတဲ့အခါ ငါဟာ...ဘုရားဖြစ်ဖို့ရာ ဘယ်လို အကျင့်တရားပါရမီများကို ကျင့်ပွားအားထုတ်သွားရမှာလဲဟု ဆင်ခြင် စဉ်းစားလိုက်သည်နဲ့ တပြိုင်နက် ထက်မြက်သော စိတ်တော်ထဲမှာ ရနိုင်ရေးအတွက် ပါရမီဆယ်ပါး အပြားသုံးဆယ်နဲ့ စွန့်ခြင်းကြီးများ စရိယတရားများဟာ အလိုလို ထင်ထင်ရှားရှား ဘွားခနဲ ဘွားခနဲ အပိတ်အပင် အတားအဆီးမရှိဘဲ သိမြင်သိမြင်ကာ ပေါ်ပေါ်လာတာကို “ဆရာမကူ သယမ္ဘူဉာဏ်တော်မြတ်” လို့ခေါ်တယ်။
                   သဗ္ဗညုတဉာဏ်ဆိုတာက (ဘုရားအဖြစ်ရောက်မှ) အရဟတ္တမဂ်ဉာဏ်နဲ့ မရှေးမနှောင်း ဖြစ်ပေါ်လာတဲ့ မသိတာဆိုလို့ ဘာမှမရှိတဲ့ အကြွင်းမရှိ ကုန်အောင်စုံသိတဲ့ ဉာဏ်ကို ခေါ်ဆိုတာ။
                   လိုရင်း သိမှတ်ဖို့က ဘုရားမဖြစ်ခင် ဗျာဒိတ်ရပြီးသား အလောင်းတော်ကြီးများ ဘုရားဖြစ်ရန်အတွက် ဘုရားဖြစ်နိုင်ဖို့ ဖြည့်ကျင့်ရမည့် ပါရမီတရားများကို အလိုလိုသိလာတဲ့ “ပါရမီပဝိစယ” ဉာဏ်တော်ကို သယမ္ဘူဉာဏ်မြတ်လို့ မှတ်ရမယ်၊ သဗ္ဗညုတဉာဏ် ကိုတော့ ဘုရားဖြစ်မှ ပေါ်လာတဲ့ ဉာဏ်လို့မှတ်၊ တခြားစီပဲ၊ ကဲ...နားလည်လောက်ပါပြီနော်။
          ဒကာ။           ။ မှန်ပါ့၊ သယမ္ဘူဉာဏ်နဲ့ သဗ္ဗညုတဉာဏ်ကို ကွဲပြားစွာသိရလို့ ကျေးဇူးတင်လှပါတယ် ဆရာတော်။

No comments: