သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, January 14, 2011

ပုထုဇဉ်ကုသိုလ်ဉာဏသမ္ပယုတ်နဲ့ ၀ိပါက်ဉာဏသမ္ပယုတ်တို့ဟာ ဖြစ်ပုံချင်းဘယ်လိုထူးခြားလဲ


ပုထုဇဉ်ကုသိုလ်ဉာဏသမ္ပယုတ်နဲ့ ၀ိပါက်ဉာဏသမ္ပယုတ်တို့ဟာ ဖြစ်ပုံချင်းဘယ်လိုထူးခြားလဲ

          ဒကာ။           ။ လောကီဉာဏသမ္ပယုတ်စိတ်တွေထဲက ကိရိယာ ဉာဏသမ္ပယုတ်စိတ်တွေကိုတော့ ဘုရားရဟန္တာတို့မှာ ဖြစ်တာမို့ ထားပါတော့။ ပုထုဇဉ်တွေမှာဖြစ်တဲ့ ကုသိုလ်ဉာဏသမ္ပယုတ်စိတ်နဲ့ ၀ိပါက်ဉာဏသမ္ပယုတ်စိတ်နှစ်မျိုးဟာ ဖြစ်ပုံခြင်း ဘယ်လိုထူးခြားကွဲပြားကြပါသလဲ ဆရာတော်၊ ဉာဏသမ္ပယုတ်စိတ်ချင်းကတော့ အတူတူပဲဟာ။
          ဆရာ။           ။ အင်း….ဒီစိတ်နှစ်ပါးဖြစ်ပုံခြင်း ကွဲပြားခြားနားပုံကတော့ ကြိုးစားအားထုတ် လုပ်ယူလို့ ဖြစ်လာရတဲ့ ဉာဏသမ္ပယုတ်စိတ်နဲ့ မကြိုးစား အားမထုတ်ရဘဲ ဖြစ်ပေါ်လာတဲ့ ဉာဏသမ္ပယုတ်စိတ်၊ အဲဒီလို ဖြစ်ပုံခြင်း ကွဲပြားထူးခြားကြတယ်။
          ဒကာ။           ။ တပည့်တော်တို့ နားလည်အောင် နည်းနည်းလောက် ချဲ့ထွင်ရှင်းပြပေးပါဦး ဆရာတော်။
          ဆရာ။           ။ ပုထုဇဉ်တို့ ကုသိုလ်ဉာဏသမ္ပယုတ်စိတ်ဖြစ်အောင် ကုသိုလ်ကံ ခေါ်ဆိုတဲ့ ဒါနအလုပ် သီလအလုပ် သမထအလုပ် ၀ိပဿနာအလုပ် တို့ကိုပြုလုပ်တဲ့အခါမျိုးမှာ”သဗ္ဗေ သတ္တာ ကမ္မဿကာ” - ကံသာလျှင် ကိုယ့်ဥစ္စာဖြစ်သည်၊ “ကမ္မ ဒါယာဒါ” - ကံသာလျှင် အမွေခံပစ္စည်းဖြစ်သည်၊ ကံကိုလုပ်လျှင် ကံ၏ အကျိုးလုပ်ခကို မုချရရှိမည် ဟု ကံနဲ့ ကံ၏အကျိုးတရားကို ယုံကြည်ကိုးစားပြီးတော့ ကြိုးစားအားထုတ် ပြုလုပ်တဲ့ ကုသိုလ်ဟာ ဉာဏသမ္ပယုတ်ကုသိုလ်မျိုးဖြစ်တယ်၊ ကဲ…ပုထုဇဉ်တို့ ကုသိုလ်ဉာဏသမ္ပယုတ်စိတ် ဖြစ်ပုံကို အဲဒီလို မှတ်ပေတော့၊ အဲဒီ လောကီကုသိုလ် ဉာဏသမ္ပယုတ်စိတ်ကိုပဲ ပညာပါရမီလို့လည်း ခေါ်ရသေးတယ်။
                   ဉာဏသမ္ပယုတ် ၀ိပါက်စိတ် ဖြစ်အောင်ကတော့ ထူးထူးခြားခြားနဲ့ ကြိုးစားအားထုတ်နေရတာမျိုးမဟုတ်ပါဘူး၊ ရှေးကကြိုးစားပြုလုပ်ခဲ့တဲ့ ဉာဏသမ္ပယုတ်ကုသိုလ်ကံ စေတနာတွေက စီမံဖန်တီးပေးတဲ့အတိုင်းသာ အကြောင်းဉာဏသမ္ပယုတ် ကံအားလျော်စွာ ကောင်းတဲ့ မြင် ကြား နံ စား ထိ အကျိုးဉာဏသမ္ပယုတ်ဝိပါက်စိတ် တရားစုတွေဟာ ဖြစ်ပေါ် ဖြစ်ပေါ် လာနေကြတာတွေပဲ၊ ကဲ….အဲဒါဖြစ်ပုံချင်း ကွဲပြားခြားနားပုံပဲ၊ ရှင်းရဲ့လား။
          ဒကာ။           ။ ရှင်းသွားပါပြီဆရာတော်၊ ကျေနပ်နှစ်သက်လှပါတယ်ဘုရား၊ ကုသိုလ်ဉာဏသမ္ပယုတ်က ပြုလုပ်ယူရတဲ့ အမျိုးဖြစ်တယ်၊ ၀ိပါက်ဉာဏသမ္ပယုတ် ကတော့ မပြုလုပ်ရဘဲ အကြောင်းအားလျော်စွာ အကျိုးခံစားခွင့် ဖြစ်ပေါ်လာရတယ်။

No comments: