သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, January 16, 2011

ဒိဋ္ဌ သုတ ကိုတော့သိပါသည်၊ မုတ ဆိုတာက ဘာအနက်သဘောလဲ

ဒိဋ္ဌ သုတ ကိုတော့သိပါသည်၊ မုတ ဆိုတာက ဘာအနက်သဘောလဲ

          ဒကာ။           ။ မြတ်စွာဘုရား အာရုံခြောက်ပါး ဟောကြားတဲ့အခါ တချို့နေရာ၌ ဒိဋ္ဌ, သုတ, မုတ, ၀ိညာတ, အာရုံ ဟုဟောထားပါသည်၊ ထိုလေးပါးတို့တွင် ဒိဋ္ဌ, မြင်အာရုံ၊ သုတ, ကြားအာရုံ၊ ၀ိညာတ, သိအာရုံ တို့ကတော့ ထင်ရှားပါတယ်။
                   ဂန္ဓ,ရသ,ဖောဋ္ဌဗ္ဗ အာရုံတွေကိုတော့ မုတနဲ့ ဟောကြားထားပါတယ်၊ မုတ-ဆိုတာက ဘာကို ဟောလို့ ဘာအနက် သဘောရှိပါသလဲ ဆရာတော်၊ တိုတိုကျဉ်းကျဉ်းနဲ့ ရှင်းပြပါဦး ဘုရား။
          ဆရာ။           ။ သဟာတွေက အဘိဓမ္မာကျမ်းလာ ကမ္မဋ္ဌာန်းသဘောတွေဖြစ်တယ်၊ အာရုံ တရားက….
                   (၁)     အသမ္ပတ္တ - မလာမရောက်တဲ့ သဘောနဲ့ ကိစ္စပြီးမှုအာရုံ
                   (၂)     သမ္ပတ္တ - လာရောက်တဲ့သဘောနဲ့ ကိစ္စပြီးမှု အာရုံ လို့ နှစ်မျိုးနှစ်စားရှိတယ်။
                             စက္ခု-မျက်စိ၊ သောတ-နားနဲ့ စပ်တဲ့ ဒိဋ္ဌ, အဆင်းမြင်အာရုံ၊ သုတ-အသံကြားအာရုံ တို့က မလာမရောက်တဲ့သဘောနဲ့ ကိစ္စပြီးနိုင်လို့ သူတို့နှစ်ပါးကို ဒိဋ္ဌ-မြင်အာရုံ၊ သုတ-ကြားအာရုံ လို့ ဟောကြားတော်မူတယ်။
                   ဂန္ဓ-အနံ့အာရုံ၊ ရသ-အရသာအာရုံ၊ ဖောဋ္ဌဗ္ဗ-ထိသိအာရုံ၊ အဲဒီသုံးပါးတို့ကတော့ လာရောက် တွေ့အပ်သော သဘောကလေးကြောင့် ဒီသုံးပါးအပေါင်းကို မုတ ရုပ်လို့ ဟောကြားတော်မူတယ်။
                   ဆိုလိုရင်းက။             ။ ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံတို့ကို (ဃာန-နှာခေါင်း၊ ဇိဝှာ-လျှာ၊ ကာယ-ကိုယ်အကြည်ရှိရာဌာနသို့) လာရောက်တွေ့အပ်သော အာရုံမျိုးဖြစ်၍ မုတ ဟူသော နာမည်တခုတည်းနဲ့ ဟောဆိုတော်မူခြင်းဖြစ်တယ်၊ ကဲ….ရှင်းရဲ့လား၊ ဒါထက်တိုကျဉ်းလို့တော့ မရတော့ဘူးဘဲ။
          ဒကာ။           ။ အသမ္ပတ္တ- မလာရောက်ပုံနဲ့၊ သမ္ပတ္တ- လာရောက်တွေ့ပုံ ဆိုတာကလေး ရှင်းပြပါဦးဆရာတော်၊ ကျဉ်းကျဉ်းပေါ့ဘုရား။
          ဆရာ။           ။ အသမ္ပတ္တ- မလာရောက်ပုံ ဆိုတာကတော့ ရူပါရုံ-အဆင်းက မျက်စိဆီကိုလာရင် ဒကာကြီးမျက်စိဟာ ပိတ်ကာပြီး သွားမှာပေါ့၊ ဘယ်မြင်ရတော့မှာလဲ၊ သဒ္ဒါရုံ- အသံကလည်း နားဆီလာရင် (အမြောက်ပစ်တဲ့ အသံကြီးဆိုပါတော့) နားပင်းကာ နားအုံပါ ကွဲသွားမှာပေါ့၊ အဲဒါ အသမ္ပတ္တ အာရုံလို့ခေါ်တယ်၊ ဒိဋ္ဌနဲ့ သုတပဲ၊ အဲဒါအကျဉ်းဆုံးပဲ၊ သူတို့က မျက်စိနဲ့ နားရှိရာကို မရောက်လာဘဲနဲ့ မြင်ခြင်းကိစ္စ, ကြားခြင်းကိစ္စ ပြီးတယ်တဲ့၊ အဘိဓမ္မာသဘောတရားက ခက်တယ်, နက်တယ်, ဉာဏ်လမ်းပဲ။
                   သမ္ပတ္တအာရုံ လာရောက်ပုံဆိုတာက ဂန္ဓာရုံ- အနံ့ဟာ ဝေါယော- လေဓာတ်နဲ့ နှာခေါင်းခေါ်တဲ့ ဃာနပသာဒရုပ်ရှိရာကို လာတယ်၊ အနံ့ကို လက်နဲ့တို့ပြီး နမ်းရှူတာဟာ ထင်ရှားပါတယ်၊ အရသာကိုလည်း လျှာပေါ်ရောက်အောင် ယူဆောင် ပို့သွင်းပေးရတာပဲဟာ ထင်ရှားပါတယ်၊ ဖောဋ္ဌဗ္ဗာရုံဟာလည်း ကိုယ်ကာယပသာဒ ရှိရာကို လာထိတွေ့တာပဲ၊ ရှင်းပြီလား၊ ဒါ့ကြောင့် ဒီ သမ္ပတ္တရုပ်သုံးပါးကို မုတလို့ဟောဆိုတာပဲ၊ နှာခေါင်း, လျှာ, ကိုယ်ရှိရာကို လာရောက်တွေ့ထိတတ်တဲ့ ရုပ်ဖြစ်လို့ မုတ ခေါ်တယ်။
          ဒကာ။           ။ ရှင်းသင့်သလောက်တော့ ရှင်းပါပြီဆရာတော်၊ အဘိဓမ္မာသဘောတရားက ခက်ခဲ နက်နဲတာကိုး။
          ဆရာ။           ။ အင်း…အဘိဓမ္မာဆိုတာ ပရမတ်တရားတွေဖြစ်တယ်၊ သဘောကလေးမျှကိုသာ ယူရတာဖြစ်လို့ ဉာဏ်အလုပ်မျိုးပဲ၊ ဒါ့ကြောင့် ဉာဏ်နဲ့ကြံဆပြီးယူတတ်ရင် မခက်ခဲပါဘူးလေ၊ ကြံစည် တွေးဆကြည့်ပေါ့၊ ထင်ထင်ရှားရှားနဲ့ သိသွားပါလိမ့်မယ်။

No comments: