သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, September 29, 2010

ပဉ္စာနန္တရိယကံ ထိုက်သူတိုင်း အ၀ီစိငရဲ ကျသလော

ပဉ္စာနန္တရိယကံ ထိုက်သူတိုင်း အ၀ီစိငရဲ ကျသလော

ဒကာ။           ။ အဖေသတ်, အမေသတ်, မြတ်စွာဘုရားအား သွေးစိမ်းတည်အောင်ပြုလုပ်, ရဟန္တာသတ်, သံဃာသင်းခွဲသူတို့သည် အနန္တရိယကံကြီးထိုက်သူတို့ဖြစ်၍ သေ သေ ချင်း မဟာအ၀ီစိငရဲသို့လျှင် ကျရောက်ရမည်ဟု ဆရာသမားတို့ရဲ့ ဟောပြောသံကို မှတ်သားရဖူးသော်လည်း အဖေကိုသတ်တဲ့ အဇာတသတ်မင်းဟာ အ၀ီစိငရဲကို မလားဘဲ လောဟကုမ္ဘီငရဲမှာသာ သွားဖြစ်ရသည်ဟု ဟောပြောနေကြတာ ဟုတ်မှန်ပါရဲ့လား ဆရာတော်၊ ရှင်းပြပါဦးဘုရား။

ဆရာ။           ။ ဟုတ်မှန်ပါတယ်၊ လောကသားတို့အား ကျရောက်ရမည့် ဆင်းရဲဒုက္ခ ဘေးအန္တရာယ်ကို မကျရောက်ရအောင် သေးငယ်အောင် ပျောက်ကင်းအောင် ကာကွယ် တားဆီးပေးနိုင်တာဟာ ရတနာသုံးပါးအစစ်သာလျှင် ဖြစ်ပါတယ်၊ ဘုရား, တရား, သံဃာမှ တပါး အခြားမည်သည့် တန်ခိုးရှင် နတ်, ဗြဟ္မာ, ၀ိဇ္ဇာ, ဇော်ဂျီတို့ကမှ ကာကွယ်စောင့်ရှောက် မပေးနိုင်ပါဘူး။
ဒါ့ကြောင့် မြတ်စွာဘုရားသခင်က ရဟန်းတို့ အဇာတသတ်မင်းသည် တရားကို စောင့်သော ခမည်းတော်(ဗိမ္ဗိသာရ) မင်းကြီးကို မသတ်မိပါမူ ယခု ငါဘုရား ဟောကြား ဖြေဆိုသော သာမညဖလသုတ်ကို ကြားနာဆဲအခါမှာပင် သောတာပတ္တိမဂ်သို့ ဆိုက်ရောက်နိုင်ရာသည်။
ယခုမှာမူ မကောင်းသောမိတ်ဆွေ မကောင်းသော ဆရာနှင့် ပေါင်းသင်း ဆည်းကပ်မိသောကြောင့် မဂ်ဖိုလ်၏ အန္တရာယ်ဖြစ်ရှိရလေသည်၊ အဇာတသတ်မင်းသည် မိမိ၏ တည်ရာ မှီရာ အားကိုးရာကို မိမိပင် တူးဖြိုဖျက်ဆီးခဲ့သူ ဖြစ်လေသည်။
ရဟန်းတို့ ယင်းသို့ပင်ဖြစ်ခဲ့သော်လည်း အဇာတသတ်မင်းသည် ငါဘုရားကို ဆည်းကပ်၍လည်းကောင်း၊ ရတနာမြတ်သုံးပါးကို ဆည်းကပ်ကိုးကွယ်ရာ အစစ်အမှန်ဟူ၍လည်းကောင်း ဆည်းကပ်ကိုးကွယ်ခဲ့လေပြီ။
အဇာတသတ်မင်း၏ ဆည်းကပ်ကိုးကွယ်ရာ ငါဘုရား၏ သာသနာတော်သုံးရပ်သည် လွန်မြတ်ကြီးမားလှသောကြောင့် အဇာတသတ်မင်း သက်သာရာ ရခဲ့လေသည်။
ရဟန်းတို့- ပုံပမာအားဖြင့်သော်ကား လူသတ်မှု ကျူးလွန်မိသော ယောက်ျားတယောက်အား သေစား သေစေရန် အပြစ်ဒဏ်ကို ပေးရန်ဖြစ်သော်လည်း အမှီကောင်း အကပ်ကောင်းကို ရထားသည့်အတွက် ပန်းပွင့်တဆုပ်မျှသော အပြစ်ဒဏ်ခတ်လျက် သေဒဏ်မှ လွတ်ကင်း သွားရသကဲ့သို့ ဤနည်းအတူပင် ဖခင် အရင်းကို သတ်ခဲ့သော အနန္တရိယကံကြောင့် အ၀ီစိငရဲ၌ ဖြစ်ထိုက်သော်လည်း ငါဘုရား သာသနာတော်တည်း ဟူသော အမှီကောင်း ဥပနိဿယကို ရ၍ လောဟကုမ္ဘီငရဲ၌သာ သေပြီးနောက် ကျရောက်ကာ အနှစ်သုံးသောင်းကြာအောင် အောက်သို့နစ်မြုပ်လျက် အောက်ကြမ်းပြင်သို့ရောက်ပြီးလျှင် တဖန် အနှစ်သုံးသောင်းကြာမျှ အထက်သို့ပေါ်တက်ပြန်လျက် အထက်ငရဲအိုး နှုတ်ခမ်းသို့ ရောက်သောအခါ အမြုပ်အပေါ် နှစ်ပေါင်းခြောက်သောင်းကြလျှင် ထို လောဟကုမ္ဘီငရဲမှ လွတ်မြောက်လိမ့်မည်ဟု မြတ်စွာဘုရား ဟောကြားတော်မူတာကို ထောက်ထား၍ သရဏဂုံ သုံးပါး တန်ခိုးတော်ဂုဏ်များကို သိရှိကိုးကွယ် ဆည်းကပ်ကြဖို့ပဲ။
ဂေါတမဘုရားသာသနာမှာ ပုထုဇဉ်လူသားထဲက သရဏဂုံသုံးပါးကို ယုံကြည်ကိုးစား ဆည်းကပ်ခစားတဲ့နေရာမှာ အဇာတသတ်မင်းဟာ အသာဆုံးပဲတဲ့၊ အဇာတသတ်မင်းကို မီညီတဲ့သူ တလူတယောက်မျှမရှိဘူးလို့ ဟောကြားတော်မူတယ်၊ နောင်သောအခါ အဇာတသတ်မင်းဟာ ဝိဇိတာဝီမည်သော ပစ္စေကဗုဒ္ဓါဖြစ်ကာ ပရိနိဗ္ဗာန် ၀င်စံလျက် ဒုက္ခဇာတ်ဘ၀ကို သိမ်းလိမ့်မည်ဟု ဟောကြားတော်မူတယ်၊ ကဲ….ယုံကြည်လောက်ပါပြီ။
ဒကာ။           ။ ယုံကြည်စွာ ခံယူပါတယ် ဆရာတော်၊ သရဏဂုံဟာ အားထားရာ အစစ်ပါဘဲ ဆရာတော်၊ နတ်, ၀ိဇ္ဇာတို့ဟာ အားထားရာ မဟုတ်ပါဘူး။

No comments: