သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, September 22, 2010

အာဏာစက် ဓမ္မစက်ဆိုတာ ဘာတွေကိုခေါ်တာလဲ/ အာဏာစက်က ဘယ်မင်းလက်ထက်မှာ စတင်ပေါ်လာတာလဲ


အာဏာစက် ဓမ္မစက်ဆိုတာ ဘာတွေကိုခေါ်တာလဲ

ဒကာ။           ။ အာဏာစက်ပါမှ သာသနာတော်ကို ပြုလို့လွယ်ကူတယ်၊ ဓမ္မစက်သက်သက်နဲ့ဆိုရင် သာသနာပြုလို့ခက်တယ်၊ တိုးတက်စည်ပင်မှု မလျင်မြန်နိုင်ဘူးလို့ ဟောပြောနေကြတာ အာဏာစက်နဲ့ ဓမ္မစက်တို့ရဲ့ အနက်အဓိပ္ပါယ်ကို ရှင်းပြပေးပါဆရာတော်။
ဆရာ။                   (၁) ဓမ္မစက် ဆိုတာက မြတ်စွာဘုရားရှင်တို့ရဲ့ လက်သုံးတော်၊ တပည့်သာဝကတို့ရဲ့ ခံယူချက် လက်သုံးတော်ဖြစ်တဲ့ မေတ္တာနဲ့ ခန္တီတရားများ ဖြစ်တယ်။
          သတ္တ၀ါများအပေါ်မှာ ချစ်ခြင်းမေတ္တာဓာတ် ဘယ်တော့မှ မပျက်ပြယ်ဘူး၊ ဘယ်လောက်ပဲ ကျူးလွန်ပြစ်မှားပလေစေ ရန်တုံ့ပြန်မှု မပြုဘူး၊ အမြဲသည်းခံတော်မူကြတယ်။
          အဲဒါ့ကြောင့် ဓမ္မစက်က သိမ်မွေ့တယ်၊ နူးညံ့တယ်၊ ခက်ခဲနက်နဲတယ်၊ သတ္တ၀ါတိုင်း မကြောက်ကြဘူး။
                             (၂) အာဏာစက် ဆိုတာက ကြမ်းတမ်းတယ်၊ ခက်ထန်တယ်၊ မလိုက်နာရင် အပြစ်ဒဏ်နဲ့ ထိခိုက်စေတယ်၊ ဒါ့ကြောင့် အာဏာစက်ကို သတ္တ၀ါတိုင်း ကြောက်ရွံ့ လိုက်နာကြတယ်။
အဲဒါ့ကြောင့် မြတ်ဗုဒ္ဓရဲ့ သာသနာကို ပြုတဲ့ လုပ်ငန်းမှာ အာဏာစက် လက်ကိုင်ရှိတဲ့ လူမင်း နတ်မင်းတို့၏ အကူအညီကို ရယူကာ ပြုစုစောင့်ရှောက်တော်မူကြတာဖြစ်တယ်။

အာဏာစက်က ဘယ်မင်းလက်ထက်မှာ စတင်ပေါ်လာတာလဲ

ဒကာ။           ။ ဓမ္မစက်ကိုတော့ မြတ်စွာဘုရားသခင်၏ တရားရေအေး အမြိုက်ဆေးဆိုတာ သိရပါပြီဆရာတော်၊ အာဏာစက် ဆိုတာက ဘယ်အချိန် ဘယ်ကာလ ဘယ်မင်းလက်ထက်တော်က ပေါ်လာတာပါလဲ ဘုရား။
ဆရာ။           ။ အင်း…အာဏာစက်ဆိုတာက မြတ်စွာဘုရားသခင် တရားဟောတော်မူဖို့အတွက် သဟမ္ပတိ ဗြဟ္မာမင်းကြီး မြတ်ဘုရားထံ လာရောက် တောင်းပန်တဲ့ အခါတုန်းက သိကြားမင်းကလည်း ဗြဟ္မာမင်းကြီးနဲ့အတူ ပါလာတယ်။
အဲဒီအခါတုန်းက ဗြဟ္မာမင်းကြီးရော သိကြားမင်းကပါ အရှင်ဘုရားတို့ တရားဟောတော်မူကြပါ၊ အရှင်ဘုရားတို့၏ တရားသော ဓမ္မများကို မလိုက် မနာ မဖြေ မကြား ထော်လော်ကန့်လန့် ပြုလုပ်နေသူများအား တပည့်တော်က အာဏာစက်ဖြင့် လိုက်နာအောင် ပြုလုပ်ပေးပါမည်၊ အရှင်မြတ်တို့ဘက်က ဓမ္မစက်ဖြင့် ပြုတော်မူကြပါကုန်၊ တပည့်တော်များဘက်က အာဏာစက်ဖြင့် စောင့်ရှောက် ကူညီပေးပါမည်လို့ တာဝန်ယူကာ ပဋိညာဉ်ပြုခဲ့ကြတာ ရှိတယ်၊ ဒါ့ကြောင့် အာဏာစက်ဟာ အဲဒီလက်ထက်အခါက စ တင် ပေါ်လာတာပဲ။
မြတ်စွာဘုရား၏ တရားသော ဓမ္မအမေးများကို မဖြေကြားဘဲ ထော်လော်ကန့်လန့် လုပ်နေတဲ့ သစ္စက ပရိဗိုဇ်ကြီးတို့၊ အမ္ဗဋ္ဌလုလင်တို့ကို သိကြားမင်းကိုယ်တိုင် ဘီလူးကြီးအသွင်ဆောင်ကာ ဘုရားမြတ်၏အမေးစကားကို မဖြေကြားဘဲနေလျှင် သင့်ဦးခေါင်းကို ခုနစ်စိတ် ခွဲပစ်မည်ဟု ကြိမ်းဝါးကာ ကူညီပေးတာပေါ့။ ကဲ….ရှင်းရဲ့လား။ လူမင်းဖြစ်တဲ့ အဇာတသတ်တို့၊ အသောကရာဇာတို့လည်း အာဏာစက်နဲ့ ကူညီကြတယ်။
ဒကာ။           ။ ရှင်းလင်း ကျေနပ်လှပါတယ် ဆရာတော်၊ သာဓကတွေကလည်း ကောင်းမြတ် လုံလောက်လှပါတယ် ဘုရား။

No comments: