သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Saturday, September 11, 2010

အနာဂါမ်၏အရိုးများ ဓာတ်တော် ဖြစ်နိုင်သလား


အနာဂါမ်၏အရိုးများ ဓာတ်တော် ဖြစ်နိုင်သလား

ဒကာ။           ။ ပက္ကုသာတိမင်းကြီးဟာ ဘုရားနဲ့တွေ့ အနာဂါမ်ဖြစ် ရဟန်းပြုဖို့ သင်္ကန်းပရိက္ခရာ ရှာဖွေရင်း နွားဝှေ့၍ စုတိကျသွားတော့ ဗိမ္ဗိသာရမင်းကြီးက အလောင်းတော်ယူကာ ကောင်းစွာမီးသင်္ဂြိုဟ်ပြီး ဓာတ်တော်များကို ကောက်ယူ၍ စေတီတည်ထား ကိုးကွယ်တယ်လို့ ဟောပြောနေကြတာ မှန်သလား ဆရာတော်၊ အနာဂါမ်က ဓာတ်တော်ကျနိုင်ပါသလား၊ တိုတိုကျဉ်းကျဉ်းနဲ့ ရှင်းပြပါဦးဘုရား။
ဆရာ။           ။ အင်း….ဒီကလည်း အပိုမပြောတတ်ဘူး၊ တိုတိုတိတိသမားပဲ၊ အမှန်ကတော့ ဓာတ်တော်ဆိုတာ ကိလေသာလုံးဝမရှိ သန့်ရှင်းစင်ကြယ်တော်မူကြတဲ့ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာအရှင်မြတ်တို့ရဲ့ အသားတော် အသွေးတော် အရိုးတော် ဆံတော် မွေးညင်းတော်တို့က ပြာမကျဘဲ အလုံးအခဲကလေးတွေဖြစ်ကာ တည်နေတာကို ဓာတ်တော် လို့ ခေါ်တာပဲ။ အဲဒီ ဓာတ်တော်များကို ကိုးကွယ်တည်ထား ကြည်ညိုလေးစား ပူဇော်မှုများ ပြုကြရမည်၊ လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာအထိ အကျိုးစီးပွားသုံးပါးကို ရနိုင်သည်ဟု ပိဋကတ်တော်မှာ လာရှိတယ်။
ပက္ကုသာတိမင်းကြီးကတော့ မြတ်စွာဘုရား၏ တရားတော်နာယူပြီး ချက်ချင်းပဲ ၀ိပဿနာတရားရှုမှတ်ပွားများလိုက်တာ အနာဂါမိဖိုလ်အထိ ရသွားတယ်၊ ဒီတော့ ရဟန်းအဖြစ် ရယူနိုင်ရန် ဘုရားထံလျှောက်ထားတယ်၊ သူက သင်္ကန်း ပရိက္ခရာ မပေးလှူခဲ့ဖူးလို့ ဧဟိဘိက္ခုရဟန်း အဖြစ်ကို မရနိုင်တဲ့အတွက် ရဟန်းပရိက္ခရာ ထွက်ရှာရင်း နွားဝှေ့ခံရ စုတိကျသွားတော့ သုဒ္ဓ္ဓါဝါသ ဗြဟ္မာ့ဘုံကို ရောက်ရောက်ခြင်း အရဟတ္တမဂ်ဖိုလ်ရပြီး ရဟန္တာကြီးဖြစ်သွားသောကြောင့် သူ့ကို ရဟန္တာလို့ ခေါ်ဆိုနိုင်တယ်၊ သူ့ရဲ့ဓာတ်တော်များကို စေတီတည်ထား ကိုးကွယ်ထိုက်တယ်လို့ ပိဋကတ်တော်က…..
ကုလပုတ္တဿ သရီရကိစ္စံ ကတွာ ဓာတုယော အာဒါယ စေတိယံ ပတိဋ္ဌာပေသိ။ လို့ လာရှိတယ်၊ ရှင်းရဲ့လား၊ အဲဒါဟာ ပိဋကတ်တော်ရဲ့ အဆုံးအဖြတ် တိုတိုပဲ။
ဒကာ။           ။ ရှင်းပါပြီ ဆရာတော်၊ မင်းကြီးက စုတိလည်းကျ သုဒ္ဓါဝါသဗြဟ္မာ ရဟန္တာကြီးလည်း ဖြစ်သွားတာကိုး၊ ကျေနပ်စွာနဲ့ ကျေးဇူးတင်လှပါတယ်ဘုရား။

No comments: