မာရ်နတ်ကြီးဟာ နတ်ပြည်ခြောက်ထပ် ဗြဟ္မာနှစ်ဆယ်ကို
အစိုးရသော နတ်မင်းကြီးလား
ဒကာ။ ။ ဗုဒ္ဓ၀င်တရားတော် ဟောကြားကြတဲ့အခါ ဗောဓိပင်နဲ့ ပလ္လင်တော်ကို မာရ်နတ်ကြီးက ၀ဲယာ အရှေ့တို့၌ ၁၂ ယူဇနာစီ အနောက်ဘက်ကမူ စကြ၀ဠာအဆုံးထိအောင်သော စစ်သည်ဗိုလ်ပါတို့ဖြင့် လာတိုက်တဲ့အခါ မြတ်စွာဘုရား၏ အနီးအပါး၌ လေးစားပူဇော်နေကြတဲ့ နတ်တွေ ဗြဟ္မာတွေဟာ တစ်ယောက်တလေမျှ မကျန်အောင် ထွက်ပြေးကြတယ်။
သိကြားမင်းကလည်း သူ့ရဲ့ ၀ိဇယုတ္တရ ခရုသင်းကြီးကို ကျော၌ပိုး၍ ပြေးလွှားကာ စကြ၀ဠာနှုတ်ခမ်းပေါ်မှာ ရပ်တည်နေတယ်၊ မဟာဗြဟ္မာမင်းကြီးကလည်း ထီးဖြူတော်ကြီးကို စကြ၀ဠာတိုက် အစွန်းနား၌ ပစ်ချကာ ဗြဟ္မာ့ပြည်သို့ ပြန်သွားတယ်၊ ကာလနဂါးမင်းကြီးကလည်း ရံရွေတော်နဂါးအပေါင်းတို့ကို စွန့်ပစ်ကာ မြေ၌ငုပ်လျှိုးဝင်ပြေး၍ သူ့နေရာဗိမာန်၌ လက်ဖြင့်မျက်နှာကို ပိတ်လျက် အိပ်လေ၏။ မြတ်စွာဘုရားရှင်၏ အနီးအပါး၌ နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မရှိတော့ပေဟု ဟောကြားကြတာကို မှတ်မိရဖူးပါတယ်။
ဒါလောက် ဘုန်းတန်ခိုးကြီးမားတဲ့ မာရ်နတ်သားကြီးဟာ နတ်ပြည်ခြောက်ထပ်နဲ့ ဗြဟ္မာနှစ်ဆယ်ကိုပါ အစိုးရတဲ့ နတ်မင်းကြီးဖြစ်နေလို့လားဆရာတော်။