Thursday, June 24, 2010

ပဋိသန္ဓေနေတယ်၊ စုတိတယ် ဆိုတာ ဗုဒ္ဓနည်းက ဘယ်လိုဟာကို ခေါ်ဆိုပါသလဲ

ပဋိသန္ဓေနေတယ်၊ စုတိတယ် ဆိုတာ ဗုဒ္ဓနည်းက ဘယ်လိုဟာကို ခေါ်ဆိုပါသလဲ
ဒကာ။ ။ ကိုယ်ဝန်တည်တယ် ပဋိသန္ဓေနေတယ် ဆိုတာရယ်၊ စုတိပြတ်ကြွေ သေတယ်ဆိုတာရယ်၊ အဲဒီနှစ်ချက်ကို ဒကာကြီးတို့ အကွက်လည်အောင် ရှင်းပြပေးပါဦး ဆရာတော်။

ဆရာ။ ။ အင်း... ဒီအမေးကို အကွက်လည်အောင် ရှင်းပြဖို့က အဘိဓမ္မာနည်းရော သုတ္တန်နည်းပါ စုံမှဖြစ်မှာ။
ဒကာ။ ။ မှန်ပါ့ တိုတိုနဲ့ အကွက်လည်ပြီး နားလည်အောင် အမိန့်ရှိပါ ဆရာတော်၊ ဒကာကြီးတို့ရဲ့ နားနဲ့ တန်တဲ့ စကားအသုံးကိုသာပေါ်လွင်အောင် ပြောကြားပါ ဘုရား၊ အဘိဓမ္မာနည်း နက်နဲခက်ခဲတဲ့ စကားတွေနဲ့တော့ မလုပ်ပါနဲ့၊ နားလည်းလည်မှာ မဟုတ်ပါဘူး ဆရာတော်။
ဆရာ။ ။ ကိုင်း.. ဒါဖြင့် နားထောင်ပေတော့၊ မြတ်စွာဘုရားဟောကြားတဲ့ အဘိဓမ္မာတရားက ခဏမစဲ အမြဲပြောင်းလဲ ပျက်စီးနေသော ရုပ်ဓမ္မနဲ့ နာမ်ဓမ္မမှတစ်ပါး မြဲသော နိစ္စ၊ အသက်ဇီဝ၊ ငါ၊ ငါ့ဟာ ဆိုတဲ့ အတ္တတို့ကို လုံးဝလက်မခံဘူး ဒကာကြီးတို့ရ၊ ပြီးတော့ အဲဒီစုတိနဲ့ ပဋိသန္ဓေဟာလည်း သတ္တ၀ါတွေ နားလည်သဘောကျ အောင် ပြောပြရဖို့က အင်မတန့်ကို ခက်ခဲပါတယ်လို့ အဋ္ဌကထာဆရာကြီးများ ညည်းညူတော်မူကြတဲ့ အရာဖြစ်တယ်။
ဒကာ။ ။ မှန်ပါ့၊ ခက်ခဲလို့ မပြောဘဲနေရင် သာပြီးတော့ မသိကြလို့ လွဲမှားသော အယူဝါဒတွေ ဖြစ်ကုန်မှာ စိုးရိမ်မကင်းလို့ ဖြေရှင်းပေးပါ ဆရာတော်။
ဆရာ။ ။ အင်း.. ဗုဒ္ဓမြတ်စွာ၏အဘိဓမ္မာအလိုတော်က ရုပ်နာမ်ဓမ္မ၏ ဖြစ်ပျက်မှု အဟုန်အလျင်မှတစ် ပါး တခြားသော နိစ္စ၊ ဇီဝ၊ အတ္တ၊ အတ္တနိယ ဆိုတာတွေကို ဘာတစ်ခုမှ လက်မခံနိုင်ဘူးလို့ ပြောခဲ့ပြီနော်၊ ဒါ့ကြောင့် ၀စ္ဆဂေါတ္တသုတ္တန်နည်းနဲ့ အဘိဓမ္မာနည်း စပ်ပြီးတော့ ဖြေလိုက်မည်။
စုတိ၊ သေတယ်ဆိုတာ စိတ္တ၊ မန၊ ခေါ်တဲ့ ၀ိညာဉ်၏ မှီရာရုပ်အစုအလျဉ်မှ တစ်ခုသော စိတ္တ၊ မန၊ ၀ိညာဉ်အလျဉ်၏ ရွေ့လျော ပျက်စီးသွားခြင်းကို သေတယ်၊ စုတိကျတယ်လို့ မှတ်ရမည်။
ရုပ်ကိုမှီးပြီးတော့ ဖြစ်ပေါ်သိရှိလာတဲ့ စိတ်ဝိညာဉ်ကလေးတစ်ခု သိပြီးတော့ ပျက်သွားတာကို စုတိကျ တယ်၊ သေတယ်လို့ ခေါ်တယ်။
ပဋိသန္ဓေနေတယ်.. ဆိုတာက စိတ္တ၊ မန၊ ခေါ်တဲ့ တစ်ခုသော ၀ိညာဉ်အလျဉ်က အခြားတစ်ခုသော ရုပ်အစုအလျဉ်ထဲ အာရုံယူကာ ၀င်စွဲဖြစ်ပေါ်သွားတဲ့ ခဏတစ်ခုကို ဇာတိ ပဋိသန္ဓေနေတယ်....လို့ မှတ်ယူရမည်။
အဲဒီအဖြေနည်းအောက် တိုပြီးတော့ ကျဉ်းပြီးတော့ ဖြေလို့မရတော့ဘူး၊ အဲဒါဒကာကြီးတို့အကြိုက် တိုတိုနဲ့ အကွက်လည်အောင် ဖြေတဲ့နည်းပဲ၊ နားလည်အောင် ကြံစည်ပါ၊ ကြံစည်ရင်း သဘောပေါက်နားလည် လာလိမ့်မည်၊ မလျှော့နဲ့ စိတ်ဟောင်းပျက်နဲ့ စိတ်သစ်ဖြစ် အဲဒီနှစ်ခု အစပ်ကို ပဋိသန္ဓေ နေတယ်လို့ မှတ်ပေါ့။
ဒကာ။ ။ အဟုန်အလျဉ်ဆိုတာက ဘာကိုပြောတာပါလဲ ဆရာတော်၊ အနည်းငယ်ရှင်းပြပါဘုရား။
ဆရာ။ ။ အဟုန်အလျဉ်ဆိုတာ ရုပ်ဓမ္မရော နာမ်ဓမ္မပါ အဟောင်း အဟောင်းတွေ သေပျက်ပြီး အသစ် အသစ်တွေ မရပ်မနားဘဲ အမြဲမပြတ် တရစပ် လျှောက်ဖြစ်(ပဋိသန္ဓေ) နေတဲ့ အမြန်ဆုံးသောနှုန်းကိုခေါ်တာ၊ တော်ပြီ၊ ရပ်တော့။
ဒကာ။ ။ ဒီလိုဆိုရင် ရုပ်နာမ်တွေဟာ အမြဲပဲ (စုတိနဲ့ပဋိသန္ဓေ) သေ၊ ဖြစ်နေတာပဲ၊ အားရကျေနပ်လှပါ တယ် ဆရာတော်။

No comments:

Post a Comment