Tuesday, December 28, 2010

ရဟန္တာအစစ်က ငါရဟန္တာပဲလို့ ဘာကြောင့် မပြောကြားရတာလဲ


ရဟန္တာအစစ်က ငါရဟန္တာပဲလို့ ဘာကြောင့် မပြောကြားရတာလဲ

ဒကာ။           ။ ရဟန္တာဖြစ်သွားတဲ့ အရိယာသခင် ရဟန္တာအရှင်မြတ်တွေဟာ ငါ ရဟန္တာ ဖြစ်နေပြီလို့ သူတပါး အားကျဖြစ်ချင်လာအောင် ဘာ့ကြောင့် မပြောကြားဘဲ လျှို့ဝှက်ထားကြတာလဲ ဘုရား၊ ဣဿာ, မဖြစ်ဘူးလား ဆရာတော်။
 ဆရာ။           ။ ဒီအမေးပဥှာဟာ ခဏ ခဏ ရောက် ရောက်လာတယ်၊ ရဟန္တာအစစ်ဖြစ်တဲ့ အရှင်မြတ်များမှာ ယင်းတို့၌ ရှိရမည့် အခြင်းအရာ နှစ်ပါးရှိတယ်၊ အဲဒါဟာ ရှိရိုး ဖြစ်ရိုး အစဉ်အလာပဲ၊ ရဟန္တာ အစစ်ကိုပြောနေတာနော်၊ အတုအတွက် မဟုတ်ဘူး။
                   ၁။       အရဟတ္တ မဂ်, ဖိုလ်ကို ရရှိပြီးသူသည် ငါရရှိသော အရဟတ္တဖိုလ် ဂုဏ်ကျေးဇူးတရားထူးကို လူ နတ် ဗြဟ္မာ သတ္တ၀ါများစွာတို့ ငါ့လိုပဲ လျင်မြန်စွာ ထိုးထွင်း သိမြင် ရရှိကြပါမူကား ကောင်းလေစွဟု သတ္တ၀ါတို့၏ သုခချမ်းသာကို လိုလားသောစိတ် ဖြစ်မြဲတည်းတဲ့။
                   ၂။       မိမိ အရဟတ္တဖိုလ်ဓမ္မရတနာကြီး ရရှိကြောင်း ရဟန္တာဖြစ်ကြောင်းကိုတော့ မပြောကြားပါဘူးတဲ့၊ ပုံပမာအားဖြင့် စိန်, ပုလဲ, ပတ္တမြား အဖိုးအထိုက်ဆုံးရတနာတွေအပြည့် ထည့်ထားတဲ့ရွှေအိုးကြီးကို ရထားသော ယောက်ျားကဲ့သို့ သူတပါးအား (၀ါကြွား ပ,လွှားလိုတဲ့ ပကာသန ကျမှာစိုး၍) မပြောကြားလိုတဲ့။
                             အဲဒါ့ကြောင့် ရဟန္တာအစစ်များဟာ ငါ ရဟန္တာဖြစ်သည်၊ ငါဟာ....ဘယ်အချိန်ကာလ ဘယ်နေ့ရက်က အရဟတ္တဖိုလ်ကို ရသည် စသည်ဖြင့် ပြောတော်မမူကြကုန်တဲ့၊ ဒါပဲ၊ နောက်ထပ် ဖြေကြားစရာ မလိုတော့ဘူး၊ မြတ်ဗုဒ္ဓကလည်း ဟုတ်မှန်ပေမယ့် မပြောရဟု ၀ိနယသိက္ခာပုဒ်ရှိတယ်။
          ဒကာ။           ။ ရဟန္တာအစစ်ဆိုတော့ကာ သူတော်ကောင်းစိတ်ဓာတ်တွေ အပြည့်အ၀ ရှိတော်မူနေကြတဲ့အတွက် ပကာသန မဖက်တော့တဲ့ ရဟန္တာအရှင်မြတ်တို့၏ ခြေတော်စုံကို ဦးခေါင်းဖြင့် အကြိမ်ကြိမ် ရှိခိုးလိုက်ပါ၏ အရှင်ဘုရား၊ ခုခေတ် ရဟန္တာတွေကတော့ လူသိများအောင် သတင်း ပို့ဆောင်နေကြတာပဲ၊ တယ်လည်းကွာခြားတာကို၊ သည်လို အသိဉာဏ် အမှန်ပေးတာ ကျေးဇူးတင်လှပါတယ် ဆရာတော်။

No comments:

Post a Comment