Friday, December 31, 2010

သစ္စကပရိဗိုဇ်ကြီး အပါယ်လားသလော


သစ္စကပရိဗိုဇ်ကြီး အပါယ်လားသလော

          ဒကာ။           ။ ဘုရားကို မကြောက်ဘဲ သိကြားကိုကြောက်လို့ အမှန်ဖြေကြားရတဲ့ သစ္စကကြီးဟာ သေတော့ အပါယ်လားရောလား ဆရာတော်။
          ဆရာ။           ။ မြတ်စွာဘုရားက သစ္စကကြီးရဲ့ နောင်အခါ သာသနာပြုပေးမည့်အရေးတွေကို မြင်တော်မူလို့ ကယ်ချွတ်ပေးတာပဲ၊ အပါယ်မကျပါဘူး၊ မြတ်ဘုရား၏တရားတော်ကို နာယူသွားရလို့ သေတဲ့အခါ နတ်ရွာသို့ လားတယ်တဲ့။
                   ဘုရားမြတ်ပရိနိဗ္ဗာန်စံလို့ အနှစ် ၂၀၀ ကျော်လောက်မှာ သီဟိုဠ်ကျွန်း၌ သာသနာတော် ထွန်းလင်းတောက်ပချိန်အခါ နတ်ရွာမှစုတိပြီး ဒက္ခိဏဂီရိကျောင်းတိုက်၏ ဂေါစရဂံရွာကြီး၌ အမတ်မျိုးမှာဖြစ်လျက် အရွယ်ရောက်၍ ရှင်ရဟန်းပြုပေးသောအခါ ဆရာဥပဇ္ဈာယ်က  ကာလဗုဒ္ဓရက္ခိတ ဟု အမည်ပေးလိုက်တယ်။
                   ကာလဗုဒ္ဓရက္ခိတသည် ဆရာထံ၌ ဂန္ထဓုရပိဋကတ်တော်များကို သင်ကြားလျက် ပိဋကတ်သုံးပုံကို တပည့်များစွာတို့အား ထင်ထင်ရှားရှားနဲ့ သင်ကြားပို့ချစဉ် ဆရာ ဥပဇ္ဈာယ်က "သင်သည်ရဟန်းကိစ္စကို ပြီးအောင်မလုပ်ဘဲ ဂဏပလိဗောဓထဲ၌သာ ထပ်တလဲလဲ ၀င်စားနေသည်၊ ပလိဗောဓတွေ ပယ်ရှားက စေတိယတောင်ကျောင်းသို့သွား၍ ၀ိပဿနာဓုရ ရဟန်းတရားကို အားထုတ်ပွားများချေလော့" ဟုစေခိုင်းလိုက်တယ် တဲ့။
                   ကာလဗုဒ္ဓရက္ခိတမထေရ်သည် ဆရာဥပဇ္ဈာယ် စေခိုင်းချက်အတိုင်း ၀ိပဿနာရဟန်းတရား ပွားများအားထုတ်လိုက်တာ မြတ်စွာဘုရားဟောကြားတော်မူဖူးတဲ့ သစ္စကဘ၀က အထုံပါရမီ ဥပနိဿယပစ္စည်းအကြောင်းအလျောက် ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်၍ မင်းအပူဇော်ခံ ဘုန်းကံကြီးမား ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ကြီးတပါး ဖြစ်ပြီး များစွာသော တပည့်တပန်း ရဟန်းအပေါင်းခြံရံလျက် စေတိယတောင် ကျောင်း၌ပင် သီတင်းသုံးနေထိုင်ကာ သာသနာပြုတော်မူသွားသည်တဲ့၊ ကဲ....ရှင်းပြီးလား၊ တခြား အဂ္ဂမဟာပဏ္ဍိတဆရာတော်ကြီးများထံတော်မှာလည်း သွားရောက်နာခံဖို့ ကောင်းတယ်နော်။
          ဒကာ။           ။ သစ္စကပရိဗိုဇ်ကြီး အပါယ်လားရော အောက်မေ့တာ အခုလို အသိဉာဏ်တွေ အမှန်ရလို့ ရှင်းလင်းသွားပါပြီ ဆရာတော်၊ မြတ်စွာဘုရားနဲ့ တွေ့ဆုံရကျိုးနပ်သွားတာပေါ့၊ တခြားဆရာတော်ကြီးများထံလည်း သွားရောက် နာခံစရာ မလိုတော့ပါဘူး ဆရာတော်၊ ကျေနပ်ပါပြီ ဘုရား။

No comments:

Post a Comment