Wednesday, October 20, 2010

ရာရှင်စနစ်ဟာ ပိဋကတ်တော်မှာလည်း ပါတယ်ဆိုတာ ဟုတ်ပါသလား


ရာရှင်စနစ်ဟာ ပိဋကတ်တော်မှာလည်း ပါတယ်ဆိုတာ ဟုတ်ပါသလား

          ဒကာ။           ။ ခုခေတ် စားသုံးဖွယ်တို့ကို(ဆီစာအုပ်)ရာရှင်စနစ်နဲ့ ထုတ်ယူသုံးဆောင်ကာ စားဝတ်နေကြတာဟာ မဆန်းပါဘူး၊ ဘုရားလက်ထက်ကလည်း ဒီလိုပဲ ထုတ်ယူစားသုံးကြရတာပဲဟု ပြောသံကြားလို့ပါ၊ ပိဋကတ်တော်မှာတွေ့ဖူးပါသလားဆရာတော်။
          ဆရာ။           ။ ရှာရှာဖွေဖွေ တော်တော်မေးတတ်တဲ့ ဒကာတွေပဲကိုး၊ အင်း တွေ့ဖူးပါတယ်၊ မြတ်စွာဘုရား ဝေရဉ္ဇာပြည်မှာ ၀ါဆိုတော်မူတဲ့အခါ ဝေရဉ္ဇာပြည်၌ မိုးလေမမှန်တဲ့အတွက် အစာရေစာ အလွန်ခေါင်းပါးသောကြောင့် စာရေးတံ လက်မှတ်နဲ့ ဆိုင်ရာဌာနက ထုတ်ဝေပေးရတယ်၊ စာရေးတံလက်မှတ် (ဆီစာအုပ်)နဲ့ သွားရောက်ထုတ်ယူကာ အသက်ဝမ်းကျောင်းပြုကြရတယ်လို့ ဝေရဉ္ဇာပြည် ဒုဗ္ဘိက္ခဘေး အကြောင်းအရာများမှာ ပါရှိတယ်။
                   ဒါ့ကြောင့် ကိုယ့်တိုင်းပြည် ရှားပါးတဲ့အခါ ဒီလိုပဲ သည်းခံပြီး ကျင့်ကြရမှာပဲလေ၊ ဆန်မကောင်းတာတွေ ဘာညာတွေ ညည်းညူ မနေကြနဲ့ပေါ့၊ ရဟန်းတွေတောင် မြင်းစာကို သုံးဆောင်ဘုဉ်းပေးနေရတာပဲဟာ၊ ဒါမျိုးက ဘယ်တိုင်းပြည်မဆို ကြီးပွားရေးကို အားယူပြီး တက်တဲ့အချိန်မှာ အဖက်ဖက်က ခြိုးခြံရမှာပဲလေ။
          ဒကာ။           ။ မှန်ပါ့၊ အမိန့်အတိုင်း စားဝတ်နေရေးတို့အတွက် အဖက်ဖက်က သည်းခံကျင့်ကြံရတာပဲ ဆရာတော်၊ ခုလိုသိရတာ ကျေးဇူးတင်ပါတယ် ဘုရား။

No comments:

Post a Comment