Wednesday, June 23, 2010

ထွက်လေ ၀င်လေ အာနာပါနကမ္မဋ္ဌာန်း ရှုမှတ်တတ်ရင် စူဠသောတာပန်ဆိုတာ ဟုတ်ပါသလား

ထွက်လေ ၀င်လေ အာနာပါနကမ္မဋ္ဌာန်း ရှုမှတ်တတ်ရင်
စူဠသောတာပန်ဆိုတာ ဟုတ်ပါသလား
ဒကာ။ ။ ဆရာတော်ကြီး တစ်ပါးက ကိုယ်အမြဲ အသက်ရှူနေတာပဲဟာ တခြား ဘာမှတ်စရာ လိုသေး သလဲ၊ အာနာပါန ကမ္မဋ္ဌာန်း မှတ်ကြ၊ အာနာပါန သတိမိရင် စူဠသောတာပန်ပဲ၊ အပါယ်မကျတော့ဘူးဆိုတာ ဟုတ်မှန်ပါသလား ဆရာတော်၊ တပည့်တော်တို့ နားလည်အောင် ရှင်းပြပေးပါဦး ဘုရား။

ဆရာ။ ။ အင်း… ဒါက ရုပ်နာမ်တို့ ဖြစ်ပျက်မှု အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘော၌ နှီးနှောဆက်စပ်နိုင်တဲ့ သစ္စဉာဏ်ရှိပြီးသားတို့အတွက် မခက်လှပါဘူး မှန်ပါတယ်၊ အာနာပါန ကမ္မဋ္ဌာန်းဟာ အလွန်ကောင်းမြတ်ပြီး လူတိုင်းနဲ့ သင့်လျော်ပါတယ်လေ၊ ကိုယ်အမြဲအသက်ရှူနေတာပဲဟာ ရှုမှတ်ကြပေါ့ လွယ်ပါတယ်။
ဒကာ။ ။ ဒကာကြီးတို့ နားလည်ရုံလောက် စူဠသောတာပန် ဖြစ် မဖြစ်အကျဉ်းနည်း ရှင်းပြပါဦး ဆရာတော်။
ဆရာ။ ။ အင်း… အကျဉ်းကလေးနဲ့ နားလည်ရုံ ပြောပြမည်၊ ဉာဏ်နားနဲ့ မှတ်သားပါ၊ ဒကာကြီးတို့ရဲ့ နှာခေါင်းထဲ လေ၀င်လာတဲ့အခါ တစ်ကိုယ်လုံးမှာ ရုပ်နာမ်တွေ ဖြစ်လာတာကို ဉာဏ်နဲ့မြင်အောင် ရှုကြည့်ရတယ်၊ ၀င်ဆဲခဏမှာ ဖောင်းပွ တိုးတက်တွန်းကန်သွားကာ ဖြစ်ပေါ်လာတဲ့ ရုပ်တရားတွေနဲ့ အဲဒါကို သိမှတ်ခံစား စေ့ဆော့်နေတဲ့ နာမ်တရားတွေဟာ ထွက်သောအခါသို့ မရောက်ခင် ၀င်ဆဲခဏမှာပဲ ချုပ်ပျောက်ကုန်သော ကြောင့် အနိစ္စ အနိစ္စလို့ ဉာဏ်နဲ့မှတ်ရတယ်၊ သူ့ဉာဏ်ထဲမှာ ထင်မြင်လာတယ်။
ဒီလို တစ်ကိုယ်လုံး တစ်ကောင်လုံး ၀င်ဆဲခဏမှာ ဖြစ်ပေါ်လာတဲ့ ရုပ်နာမ်တွေဟာ ထွက်ဆဲခဏသို့ မပါဘဲ ၀င်ဆဲခဏမှာပင် ပျက်စီးချုပ်ပျောက်ကုန်သောကြောင့် တာရှည်ခံအောင် သိမ်းထားလို့မရ အနှစ်မပါ လိုရာ မကျ အစိုးမရသောကြောင့် အနတ္တ အနတ္တလို့ ဉာဏ်နဲ့ မှတ်ရတယ်၊ ထင်မြင်လာတယ်။
အဲဒီလို အနိစ္စ ဒုက္ခ အနတ္တ သဘောကို ဉာဏ်နဲ့နှလုံးသွင်း ရှုမှတ်လိုက်တဲ့အခါကျတော့ သူ့မှာ မဂ္ဂသစ္စာ ဉာဏ်တွေ ပေါ်လာတဲ့အတွက် စူဠသောတာပန်လို့ ခေါ်ရတယ်၊ ဖြစ်ပျက်အနိစ္စလက္ခဏာ ရှုပွားနေတာဟာ မဂ္ဂသစ္စာပဲ။
စူဠသောတာပန်ဟာ ရုပ်နာမ်တို့ ဒုက္ခသစ္စာကိုမြင်တယ်၊ ရုပ်နာမ်တို့ဖြစ်ကြောင်း သမုဒ္ဒယသစ္စာကိုလည်း မြင်တယ်၊ နိဗ္ဗာန်ကိုလည်း အနုမာန မျှော်မှန်းဉာဏ်နဲ့ သိတယ်၊ နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ မဂ္ဂင်ဉာဏ်မှာလည်း သူ့မှာရှိတယ်၊ အဲဒီ သစ္စာလေးပါး အသိရှိနေတဲ့ သစ္စဉာဏ်ရှိနေတဲ့သူဟာ အပါယ်မကျ ကောင်းဘူးတဲ့၊ ကဲ…ရှင်းရဲ့လား၊ အဲဒါ စူဠသောတာပန် ဖြစ်တာပဲ။
ဒကာ။ ။ ရှင်းပါပြီ ဆရာတော်၊ ပညာမဂ္ဂင် သစ္စဉာဏ် ရရှိသိမြင်ထားဖို့ဟာ အရေးတကြီးလိုတာ ခုမှပဲ ရှင်းတော့တယ်၊ တိုတိုတိတိနဲ့ ကျေးဇူးရှိလှပါတယ် ဆရာတော်။

No comments:

Post a Comment